၂၁. ၂. ၂၀၂၅
Written by Nyein Kyaw
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွေးမြူရေးဇုန်များ လုပ်ငန်းဆောင်ရွက်ရာ၌ ထိုက်သင့်သည့် နှုန်းထားများအတိုင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးငွေလိုအပ်ပါက လိုအပ်သောစီမံကိန်းချေးငွေများကို ခွင့်ပြုမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ယမန်နေ့က ပြုလုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် မိမိတို့ဆောင်ရွက်သွားကြရမည်ဖြစ်ကာ တိုင်းဒေသကြီးပြည်နယ်များ၌ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဇုန်များအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
ယင်းလုပ်ငန်းအတွက် ရင်းနှီးငွေလိုအပ်ပါက လိုအပ်သောစီမံကိန်းချေးငွေများကို ခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်က လမ်းညွှန်မှုပြုပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုများကို မိမိတို့ကော်မရှင်နှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ် ကွပ်ကဲအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
တစ်ဖက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ ပြည်တွင်းပြည်ပ လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိပါကလည်း လုပ်ငန်းများလွယ်ကူချောမွေ့စေရန် ခွင့်ပြုမိန့်ရရှိရေးဆောင်ရွက်ရာ၌ ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောနည်းပညာ၊ လျှပ်စစ်ဓာတ်အား၊ အရင်းအနှီးတို့ကို ဖန်တီးပေးရန်အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
