◾️ ပြင်ပရွှေစျေး အတက်ဈေးနှုန်းမှာပင် ဆက်ရှိနေ
၁၆. ၁. ၂၀၂၃
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်နေ၍ ဇန်နဝါရီ ၁၆ ရက် (တနင်္လာနေ့)တွင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းမှာ ၂,၂၅၉,၆၀၀ ကျပ်အထိရှိလာ၍ ပြီးခဲ့သည့် တနင်္လာနေ့နှင့် နှိုင်းယှဥ်လျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင် တိုးမြှင့်သတ်မှတ်ခဲ့သလို ပြင်ပရွှေဈေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သား ၂,၈၂၅,၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်၏ အတက်ဈေးနှုန်းမှာပင် ဆက်လက်ရှိနေသည်။
ထို့အပြင် ပြင်ပငွေလဲလှယ်နှုန်းတွင်လည်း တစ်ဒေါ်လာ ၂,၈၇၀ ဝန်းကျင်ရှိပြီး ယခင်တစ်ပတ်ထက် အနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၁,၉၁၇ အထိရှိပြီး ယခင်တစ်ပတ် အတက်ဈေးနှုန်းထက်ပင် ဒေါ်လာ ၄၀ ကျော် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရွှေဈေးနှုန်းအမှန်မှာ ကျပ် ၂၇ သိန်းအောက်သာရှိပြီး ဈေးကစား၍ ရွှေဈေးနှုန်း ဆွဲတင်နေသူများကို အရေးယူသွားမည်ဟု YGEA က ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့ပြီး သတင်းအဖြစ်အမှန်များကို ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးလျက်ရှိကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဈေးကစားသူများအနေဖြင့် ကောလဟာလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်ပန်ကြားထားသည်။
သို့သော်လည်း ပြင်ပဈေးကွက်အတွင်း ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇန်နဝါရီ ၉ ရက်တွင် ရွှေဈေးနှုန်း ၂,၇၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၂,၈၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၀ ကျပ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၆,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၂,၈၈၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
