
၂၀.၂.၂၀၂၅
Written by Hey Mar
တွဲကားအောက်ကို အရှိန်လွန်ဝင်ရောက်သွားတဲ့ ဟိုက်ဂျက်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့မှု မနေ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။


တိုက်မိတဲ့ ဟိုက်ဂျက်ယာဉ်က မြောက်ဒဂုံကနေ ပဲခူးဘက်ကို လာရောက်တာဖြစ်ပြီး တစ်ဦးတည်းမောင်းနှင်လာတာလို့ သိရပါတယ်။ လူညပ်နေကြောင်း တာဝန်သိပြည်သူတချို့ရဲ့ အကြောင်းကြားချက်အရ ပဲခူးမြို့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဒေသခံ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းကာ ဟိုက်ဂျက်ယာဉ်အတွင်းညပ်နေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို သယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူက “လမ်းလယ်ကျွန်းနားဖြစ်တာမို့ မောင်းနှင်နေရင်း အရှိန်လွန်တိုက်မိတယ်လို့ ယူဆရပါတယ်။ Cutter နဲ့ ဖြတ်ထုတ်ပြီး ရုပ်အလောင်းကို ဆွဲထုတ်ရတယ်။ သုံးလေးသင်းလောက်က ဝိုင်းပြီး မီးသတ်တပ်ဖွဲ့ကို ကူညီပေးခဲ့ပါတယ်။ မိသားစုနဲ့ ချိတ်ဆက်နိုင်တော့ မိသားစုက ရန်ကုန်ကို ပြန်မသယ်တော့ဘဲ ပဲခူးမှာပဲ သင်္ဂြိုဟ်မယ်ဆိုလို့ ဆက်ပြီး ကူညီပေးနေပါတယ် ခင်ဗျ” လို့ MT News ကို ပြောပါတယ်။