
၁၈. ၂. ၂၀၂၅
Translated by Thettant
အမေရိကန်နိုင်ငံရဲ့ လေကြောင်းလိုင်းကြီး တစ်ခုဖြစ်တဲ့ Delta လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာအမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis ကနေ လူ ၈၀ သယ်ဆောင် ပျံသန်းအလာ မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်မှာ ကနေဒါနိုင်ငံ Toronto Pearson လေဆိပ်ကို ဆင်းသက်ချိန် ထပ်မံ ပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။
လေယာဥ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ Delta က ထုတ်ပြန်ခဲ့သလို ဖြစ်ရပ်ကြောင့် သေဆုံးသူမရှိခဲ့ပေမဲ့ လေယာဥ်ဟာ ဇောက်ထိုးဖြစ်နေတာမြင်ရပြီး တောင်ပံတွေ မရှိတော့သလို နှင်းဖုံးနေတဲ့ ကတ္တရာလမ်းပေါ်မှာ မီးခိုးထွက်နေတဲ့လေယာဥ်ကို မီးမလောင်ဖို့ငြှိမ်းသတ်နေတဲ့ကြားက ခရီးသည်တွေ တိုးထွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

စိုးရိမ်ရတဲ့ လူနာနှစ်ဦးနဲ့ ကလေးငယ်တစ်ဦးကို ပြုစုကုသပေးဖို့ ဆေးရုံအသီးသီးဆီ ပို့ဆောင်ခဲ့သလို အခြား ၁၂ ဦးကလည်း ဒဏ်ရာအနည်းငယ်စီရခဲ့ကြတယ်ပြောပေမဲ့ သုံးဦးရဲ့ အခြေအနေကိုတော့ ပြောကြားမှုမရှိခဲ့ပါဘူး။
Delta လက်အောက်ခံ Endeavour Air က လည်ပတ်နေတဲ့ လေယာဉ်အမှတ် ၄၈၁၉ ဟာ မနေ့က ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ တိုရွန်တိုမြို့ကို ဆင်းသက်ချိန် ပျက်ကျခဲ့တဲ့ ဒီဖြစ်ရပ်မှာ ခရီးသည် ၇၆ ဦးနဲ့ အမှူထမ်း ၄ ဦး စုစုပေါင်း လူ ၈၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းလိုက်နိုင်ပြီလို့လည်း အမေရိကန် ပြည်ထောင်စု လေကြောင်း အာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးဖြစ်တဲ့ John Nelson က သူ့ရဲ့ Facebook မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကို ပြသတဲ့ ဗီဒီယိုဖိုင် တင်ခဲ့ပြီး “ငါတို့ လေယာဉ် ပျက်ကျသွားပြီ။ ဇောက်ထိုးကျနေတယ်။ လူအများစုကတော့ အခြေအနေကောင်းနေပုံရတယ်။ ငါတို့ အားလုံး ဆင်းနေကြပါပြီ။”လို့ ဖော်ပြခဲ့ပါတယ်။

လေယာဉ်ပျက်ကျပြီး မိနစ်ပိုင်းအတွင်း လေဆိပ်ဝန်ဆောင်မှုတွေ ခေတ္တရပ်ထားရပြီး လေဆိပ် ထွက်ခွာနဲ့ ဆိုက်ရောက်မှုအားလုံးကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က အကြီး အကျယ် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနဲ့ အရိုးထိအေးစေတဲ့ အပူချိန်ကျဆင်းမှုကို မနေ့ကအထိ တိုရွန်တိုမှာ ခံစားရဆဲ ဖြစ်သလို လေယာဉ်ပျက်ကျမှုမတိုင်ခင်မှာလည်း ဒါဇင်နဲ့ချီတဲ့ ထွက်ခွာမှုတွေနဲ့ ဆိုက်ရောက်မှုတွေ နှောင့်နှေးခဲ့ရပါတယ်။
ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က ဒီမတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ကို ဖြန့်ကျက်ချထားကြောင်း ပြောကြားခဲ့သလို ဖြစ်စဥ်သိရဖို့ အမေရိကန် ပြည်ထောင်စု လေကြောင်း အာဏာပိုင်အဖွဲ့က ကူညီပေးမှာပါ။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်မှာ လူသေဆုံးစေတဲ့ လေယာဥ်တိုက်မိပျက်ကျမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားလာတဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
Ref, The Gurdian & AFP