
၁၆.၂.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် ပရာယာဂရက်ဂျ်မြို့တွင် ကျင်းပမည့် ဟိန္ဒူဘာသာဝင်များ၏ Maha Khumb ဘာသာရေးပွဲတော်သို့ သွားရောက်ဝတ်ပြုရန်အတွက် နယူးဒေလီမြို့ ရထားဘူတာရုံတွင် စုရုံးရောက်ရှိနေကြသည့် ထောင်နှင့်ချီသော ပြည်သူများအကြား ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၁၀ နာရီဝန်းကျင်က လူအုပ်ပြို၍ ကမူးရှုးထိုး ကြောက်လန့် တကြားပြေးလွှားကြမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြကြောင်း သတင်းများအရ သိရသည်။
ခရီးသည်များက မိမိတို့ရထားတွဲများပေါ်သို့ အလုအယက်တက်ရန်ကြိုးစားကြစဉ် ဤသို့ လူအုပ်ပြိုကာ ကြောက်လန်တကြား ပြေးလွှားမှုဖြစ်ခဲ့ရခြင်းဟုလည်း သိရသည်။

လူအုပ်ပြိုမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကိုမူ တိတိကျကျ မပြောကြားနိုင်သေးပေ။ သို့သော်ရထားဘုတ်အဖွဲ့က ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန်အဆင့်မြင့်ကော်မတီတစ်ရပ်ဖွဲ့ထားကြောင်း ပြောခဲ့သည်။
အိန္ဒိယလေတပ်မှ အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရသူ တပ်ကြပ်တစ်ဦးက လူအုပ်ကြီးအား အရေအ တွက်များပြားစွာစုဝေးနေခြင်းမပြုကြရန် ကြေညာမှုများ၊ ကြိုးစားမှုများပြုခဲ့သော်လည်း များပြားလှသော လူအုပ်ကြီးကိုထိန်းသိမ်း၍မရခဲ့ကြောင်း ပြောခဲ့သည်။
ANI သတင်းဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အဂျစ် ကလည်း ဤမျှများပြားသောလူအုပ်ကြီးအား ဘူတာရုံ ပလက်ဖောင်းပေါ်တွင် စုဝေးနေမှုမပြုကြရန် မေတ္တာရပ်ခံ ကြေညာမှုများပြုခဲ့သော်လည်းလက်မခံခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ထိခိုက်မှုများမဖြစ်စေရန် ကြိုးစားခဲ့သော်လည်း မည်သူကမျှနားမထောင်ခဲ့ကြကြောင်း ပြောခဲ့သည်။
အခြားမျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူစုလူဝေးကြီးက ထိန်းသိမ်းနိုင်သည့် ကန့်သတ်အရေအ တွက်ထက် ပိုမိုများပြားနေခဲ့ကြောင်း၊ ဘူတာရုံတွင်းရှိ ကျဉ်းမြောင်းလှသော လမ်းလျှောက်လူကူးတံတားလေးမှာပင် လူများစွာစုဝေးနေခဲ့ကြောင်း၊ ဤမျှများပြားသော လူစုလူဝေးကို ယခင်က ပွဲတော်ရက်များ၌ပင် ဤဘူတာရုံ၌ မတွေ့ခဲ့ဖူးကြောင်း၊တာဝန်ရှိသူများအနေနှင့် လူအုပ်ကိုထိန်းသိမ်းရန်မဖြစ်နိုင်တော့သော အခြေအနေသို့ ရောက်ခဲ့ကြောင်းပြောခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် နှစ်နာရီခန့်ကလည်း Maha Khumb ပွဲတော်တွင် ဝတ်ပြုကြရန် ခရီးသည် များ လိုက်ပါလာသည့် Bolero ကာတစ်စီးမှာ ပရာယာဂရက်ဂျ်မြို့ ရဲစခန်းအနီး၌ ဘတ်စ်ကားတစ်ခုကို ဝင်တိုက်မိပြီး အနည်းဆုံး လူဆယ်ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့သေးသည်။
Ref——NDTV
