၁၅.၂.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်လေတပ်၏ ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှမြေပြင်တိုက်ခိုက်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အသုံးပြုသော AT-5 Brave Eagle အမောင်းသင် လေ့ကျင့်ရေးဂျက်လေယာဉ်တစ်စီးမှာ အင်ဂျင်ချို့ ယွင်းမှုကြောင့် ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင်ပျက်ကျခဲ့ရကြောင်း သိရသည်။
တရုတ်တိုင်ဝမ်လေတပ်၏ ပထမဆုံးသောပြည်တွင်းဖြစ် အဆင့်မြင့်ခေတ်မီ အမောင်းသင်ဂျက် လေယာဉ်အသစ်ဖြစ် သော AT-5 လေယာဉ်ပျက်ကျမှုတွင် လိုက်ပါလာသူများကို ကယ်တင်မှုပြုနိုင်ခဲ့ကြောင်း တိုင်ဝမ်လေတပ်က ပြောခဲ့သည်။ သို့ရာတွင် ပြည်တွင်းဖြစ် အဆင့်မြင့်ခေတ်မီ အမောင်းသင် ဂျက်လေယာဉ် တိုးတက်အသုံးပြုရေးအစီအစဉ်မှာ ဆုတ်ယုတ်မှုဖြစ်ခဲ့ရကြောင်း သိရသည်။
AT-5 Brave Eagle လေယာဉ်ကို တရုတ်တိုင်ဝမ်မှ နိုင်ငံပိုင် Aerospace Industrial Development Corp က ဘဏ္ဍာငွေအသုံးစရိတ် တိုင်ဝမ်ဒေါ်လာ ၆၈ ဒသမ ၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ) အသုံးပြု၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က စတင်၍ စမ်းသပ်ပျံသန်းခဲ့သည်။
ထိုလေယာဉ်က တိုင်ဝမ်ကျွန်းအရှေ့ဘက်ကမ်းရိုးမြို့၊ ချီဟန် လေတပ်အခြေစိုက်စခန်းမှ ပျံတက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏အင်ဂျင်နှစ်လုံးစလုံးမှာ ချို့ယွင်းမှုဖြစ်နေကြောင်း မြေပြင်သို့ သတင်းပို့ခဲ့သည်။ ထို့နောက်တွင် လေယာဉ်ဝန်ထမ်းများက လေထီးဖြင့်ခုန်ဆင်းခဲ့ကြပြီး ၎င်းတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
တိုင်ဝမ်လေတပ်က လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ AT-5 Brave Eagle လေယာဉ်ကို တိုင်ဝမ်လေတပ်သို့ ၂၀၂၁ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ပြီးနောက် ၎င်းက ထိုလေယာဉ်နှင့်ပတ်သက်၍ ပထမဆုံးမတော်တဆဖြစ်ပွားမှုလည်းဖြစ်သည်။
တိုင်ဝမ်လေတပ်က ၎င်း၏ သက်တမ်းကြာမြင့်နေပြီဖြစ်သော လွန်ခဲ့သည့်နှစ်များအတွင်းက လေယာဉ်ပျက်ကျမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် AT-3 လေယာဉ်နှင့် အမေရိကန်လုပ် F-5 အမောင်းသင်လေယာဉ်တို့အစား AT-5 Brave Eagle ဂျက်လေယာဉ်များကို ၂၀၂၆ ခုနှစ်တွင် ၆၆ စီးအထိ အစားထိုးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
တရုတ်တိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် အများအားဖြင့် အမေရိကန်လုပ်စစ်လက်နက်ပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုကြရသည်။ သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံက တိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်အဖြစ်ကြေညာကာ စစ်ဖက်ခေတ်မီရေးအားထုတ်မှုများနှင့်တိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်လာသည်နှင့်အမျှ တရုတ်တိုင်ဝမ်ကလည်း ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် ပြည်တွင်းစက်မှုလုပ်ငန်းကို ဦးစားပေးဆောင်ရွက်လာခြင်းဖြစ်သည်။
တရုတ်တိုင်ဝမ် က လွန်ခဲ့သောဆယ်စုနှစ်သုံးခုကျော်အကြာက F-CK-1 Ching-Kuo တိုက်လေယာဉ်ကို ပြည်တွင်းတွင် ပထမဆုံးထုတ်လုပ်ခဲ့ပြီးနောက် AT-5 က တိုင်ဝမ်၏ ပထမဆုံးသော ပြည်တွင်းဖြစ် ဂျက်လေယာဉ်လည်းဖြစ်သည်။ အဆိုပါ ဂျက်လေယာဉ်နှစ်စီးက ပုံစံလည်းတူညီကြပြီး တူညီသောစွမ်းဆောင် ရည်များလည်း ရှိကြသည်။
AT-5 က ပြေးလမ်းအတို၌ပင် ပျံတက်မှု၊ ဆင်းတက်မှုများပြုနိုင်သည်။ ၎င်းက စမ်းသပ်ဆဲအဆင့်သာဖြစ်သော်လည်း စစ်ပွဲဖြစ်လာပါက အထောက်အပံ့ပေးနိုင်အောင်လည်း ပုံစံထုတ်ထားသည်။
Ref-CNA
