
၁၄.၂.၂၀၂၅
Written By Zun
ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို BGF က ရှောင်တခင်ဝင်ရောက် နှိမ်နင်း ဖမ်းဆီးမှု ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် စတင်လိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကရင်ပြည် နယ်၊ မြဝတီဒေသအတွင်း ကျားဖြန့်နှင့်လူမှောင်ခိုဂိုဏ်းများ နှိမ်နင်းရန် ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အထူးတပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် အထက်ပါအတိုင်း နှိမ်နှင်းမှု စတင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအထူးအဖွဲ့အတွက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့တို့က အရေးပေါ် အစည်းအဝေး ပြုလုပ်၍ အထူးတပ်ဖွဲ့ကို အဖွဲ့ (၄) ဖွဲ့ခွဲကာ ဖွဲ့စည်းထားပြီး တပ်ဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၇) ဦး ပါဝင်ကြောင်း သိရသည်။
အဖွဲ့ခေါင်းဆောင်များမှာ ဗိုလ်မှူးကြီး စောဒိဒိ၊ ဗိုလ်မှူးကြီး စောဆန်းလင်း၊ ဗိုလ်မှူးကြီး စောပါပီတို့ဖြစ်ပြီး မြဝတီနှင့် ရွှေကုက္ကိုဒေသရှိ ကျားဖြန့်- အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေး နှိမ်နင်းမှု စတင်ခြင်းလည်း ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိ သူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က MT News ကို ပြောသည်။
“BGF ထိပ်ပိုင်းခေါင်းဆောင်တွေက အဖွဲ့လေးဖွဲ့ပါတဲ့ ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းပြီးနောက် အခုလို စီးနင်းဖမ်းဆီးမှုတွေ ရှိလာတာပါ။
“BGF အနေနဲ့ ဒီနှိမ်နှင်းမှုအခြေအနေကို သတင်းထုတ်ပြန်ပေးမှာပါ””ဟု ယင်းကဆိုသည်။
ကရင်နယ်ခြားစောင့်တပ် BGF က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် အခြေစိုက် လှုပ်ရှားနေသည့် ကျားဖြန့် လုပ်ငန်းများကို ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ တရားမဝင် လုပ်ငန်းများနှင့်လည်း မသက်ဆိုင်ကြောင်း ပြောဆိုထားပြီးလည်း ဖြစ်သည်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI ) က ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်၊ ဗိုလ်မှူး တင်ဝင်းတို့(၃)ဦးကို ဖမ်းဝရမ်းထုတ်ရန် စီစဉ် ဆောင်ရွက်ခဲ့သည့်အပေါ် ထိုင်းတရားရေးဝန်ကြီးဌာနက ခိုင်လုံသည့် သက်သေ မရှိသေး ဟု ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ MT News က ဖော်ပြခဲ့သေးသည်။