ပုံစာ။ AA ဖျက်ဆီး၊ မီးရှို့၊ မုဒိမ်းကျင့် ဖောက်ထွင်းမှုကြောင့် ထွက်ပြေးနေရသည့် မောင်တောမြို့မှ ဘင်္ဂါလီအချို့မြင်ကွင်း (Photo / Credit)
၁၁.၂.၂၀၂၅
Written By Zun
ရခိုင်ဒေသတွင်း၌ ပင်လယ်ဓားပြ၊ ဘိန်းစား၊ သူခိုး၊အစွန်းရောက်အဖွဲ့၊ ဓာတ်ခဲ၊ အပူး၊ နှစ်လုံး စသည့်အမည်များကို ခေါ်ဝေါ်ခံနေရသည့် AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မြိုလူမျိုး အမျိုးသမီး ကိုယ်ဝန်ဆောင်များပါမကျန် ပေါ်တာဆွဲနေကြောင်း ဒေသခံများထံမှ သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းတွင် ရာနှင့်ချီသော AA အကြမ်းဖက်အဖွဲ့ဝင်များက မောင်တောမြို့နယ်မြောက်ပိုင်းရှိ ခုံတိုင်ကျေးရွာသို့ ဝင်ရောက်လာကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“အဲဒီ ရွာက မောင်တော်မြို့နဲ့ဆိုရင် မိုင် ၃၀ လောက် ဝေးပါတယ်။ မိသားစု ၂၀၀ ကျော်လောက် နေကြတဲ့ ရွာပါ။ ရခိုင်မျိုးနွယ်စုထဲမှာပါတဲ့ မြိုလူမျိုးတွေနေတဲ့ ရွာ ဖြစ်ပါတယ်။ ရွာကလူတွေကတော့ တောင်ယာလုပ်ငန်းပဲ လုပ်ကြတယ်လေ။ သူတို့က အခု ဖမ်းသွားတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၊ သူက အသက် ၂၀ ကျော်ပဲ ရှိသေးတယ်။ မထီဒေါင်လို့ ခေါ်တယ်။ ကိုယ်ဝန် ၃ လလောက် ရှိပြီ။ နောက်ပြီးတော့ အသက် ၁၄ နှစ်လောက်ပဲ ရှိသေးတဲ့ မကော်နာလ်၊ အသက် ၁၆ နှစ်လောက်ပဲ ရှိသေးတဲ့ ကောင်လေး အပါအဝင် အသက် ၅၀ ကျော် ၃ ယောက်လည်းပါတယ်။ စုစုပေါင်း လူ ၁၇ ယောက် ဖမ်းသွားတယ်”ဟု ယင်းဒေသခံက MT News ကို ပြောသည်။
AA က ၎င်းတို့ပေါ်တာဆွဲခြင်းမှာ စစ်မှုထမ်းရန်ဟု ပြောဆိုသော်လည်း ခေါ်ယူရာတွင် အဓမ္မ ဖမ်းဆီးခြင်းဖြစ်သောကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်း၊ လက်ရှိတွင် အဖမ်းခံထားရသော ကိုယ်ဝန်ဆောင်နှင့် အသက်မပြည့်သေးသည့် ကလေးများအပါအဝင် ကျန်သူအားလုံး ပြန်လွတ်ရေးအတွက် ရွာခံများက ကြိုးစားနေကြကြောင်း သိရသည်။
“သူတို့က လူတွေကို ကားပေါ်ဆွဲတင်တာ။ ကျွန်တော်တို့က ပြန်ပြီး ဆွဲချတာကြောင့် ၁၇ ယောက်ပဲ ပါတာ။ ကျွန်တော်တို့ကသာ ဘာမှ မပြောရင် လူပေါင်း ၄၀ -၅၀ လောက် ပါသွားနိုင်တယ်။ အမျိုးသမီး အမျိုးသား ဆိုတာမျိုး ရွေးခေါ်တာမဟုတ်ဘူး။ တွေ့ရာမြင်ရာ အကုန်ခေါ်တာ”ဟု ယင်းက ပြောသည်။
AA အကြမ်းဖက်များစစ်သားစုဆောင်းမှုများကို ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ရမ်းဗြဲ၊ ရွာမ၊ ကင်းတောင် စသည့် ဒေသများတွင်လည်း အဓမ္မ ပြုလုပ်နေကြောင်း၊ AA အကြမ်းဖက်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသားတိုင်းကို AA အကြမ်းဖက်အဖွဲ့အစည်းသို့ ဝင်ရမည်ဟု ပြောဆို စည်းရုံးပြီးနောက် စည်းရုံးမှု မအောင်မြင်သည့်အတွက် အဓမ္မ လူသစ်စုကာ AA အကြမ်းဖက်အဖွဲ့သို့ ဆွဲသွင်းနေခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ MT News ၏ သတင်းရင်းမြစ်က ပြောသည်။
“သူတို့က နဂိုကဆိုရင် အိမ်တိုင်းက AA ဖြစ်ရမယ်ပေါ့။ ဒါပေမဲ့လည်း လူတွေက တစ်ယောက်နဲ့တစ်ယောက် အယူအဆ၊ အတွေးအခေါ် မတူနိုင်ဘူးလေ။ AA ကို မဝင်ချင်သူတွေ၊ AA ကို မကြိုက်သူတွေလည်း ရှိတာပေါ့။ အခုက အဓမ္မ အနေ အထားနဲ့ လုပ်နေတာဆိုတော့ ဒါက ရေရှည်မှာ ရခိုင်လူငယ်၊ လူကြီး၊ အမျိုးသားအမျိုးသမီး၊ ကလေးလူကြီးအတွက် မကောင်းဘူးပေါ့ဗျာ။ အန္တရာယ် ရှိလာနိုင်တယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA က စစ်မှုထမ်းရန် မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်တို့တွင် လူသစ်စုဆောင်းနေသည်မှာ မှန်ကန်ကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံခဲ့ထားသည်။
AA ပေါ်တာဆွဲနေသည့်အတွက် ကြောက်လန့်၍ ပြည်မဘက်သို့ တိမ်းရှောင်လာကြသည့် ရခိုင်လူငယ် အများစုမှာလည်း AA နှင့် ပက်ပင်းတိုးကာ စစ်မှုထမ်းရန် ခေါ်ယူခြင်း ခံနေကြရကြောင်း ရခိုင်ဒေသခံများက ပြောသည်။
