◾ အမေရိကန်ပြည်သူ့ အခွန် တစ်ဘီလျံခန့် နှစ်စဥ်ဖြုန်းတီးနေသော မီဒီယာများမှာ အစွန်းရောက်အရူးများသာဖြစ်ဟုပါ ဝေဖန်

၁၀.၂.၂၀၂၅
Translated by Htwe Ko Tun
နည်းပညာဆိုင်ရာ ဘီလျံနာကြီးဖြစ်တဲ့ အီလွန်မတ်စ်ခ်က ဖေဖော်ဝါရီလ ၉ ရက်မှာတော့ အမေရိ ကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ သတင်းဌာနတွေဖြစ်တဲ့ Radio Free Europe နဲ့ Voice of America (VOA) တို့ကို ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အထူးတာဝန်တွေဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးသံတမန် ရစ်ချတ် ဂရီနယ်လ်ရဲ့ မှတ်ချက်တွေကို မဆိုင်းမတွ အလိုက်သင့် တုံ့ပြန်တဲ့အနေနဲ့ အီလွန်မတ်စ်ခ်က လူမှုကွန်ရက် X မှာ “မှန်တယ်၊ သူတို့ကို ပိတ်ပစ်ရမယ်။ ဥရောပဟာ အခုဆိုရင်လွတ်လပ်နေတာပါ။ ဘယ်သူကမှ ဗျူရိုကရေစီ ကို ထိန်းချုပ်နေတာလည်းမဟုတ်ဘူး။ သူတို့ပြောတာတွေလည်း ဘယ်သူမှ နားမထောင်ဘူး။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေ တစ်ဘီလျံလောက်ကို နှစ်စဉ်မီးရှို့သလိုပဲ။ သူတို့ကို ပံ့ပိုးနေရချိန်မှာ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် စကားပြောနေတဲ့ အစွန်းရောက်အရူးတွေလိုပါပဲ” လို့ ရေးခဲ့ပါတယ်။
ဂရီနယ်လ်ကလည်း ဖေဖော်ဝါရီလ ၉ ရက်က ပြောခဲ့ရာမှာ “Radio Free Europe နဲ့ Voice of America တို့က အမေရိကန်အခွန်ထမ်းတွေက ပေးဆောင်ငွေတွေနဲ့ လည်ပတ်နေတာပါ။ သူတို့က တကယ်တော့ နိုင်ငံပိုင်ဒီယာတွေပါ။ ဒီသတင်းဌာနတွေက လက်ဝဲစွန်းရောက်လှုပ်ရှားတက်ကြွသူတွေနဲ့ ခုတော့ပြည့်နေတယ်။ ကျွန်တော် ဒီဌာနတွေက သတင်းထောက်တွေနဲ့ ဆယ်စုနှစ်နဲ့ချီအတူတူလုပ်ဖူးတယ်။ ဒါတွေက အတိတ်ရဲ့အမွေအနှစ်တွေလို့လည်း ဆိုရမယ်။ ဒီလို အစိုးရက ထောက်ပံ့နေရတဲ့ သတင်းဌာနတွေ ကျွန်တော်တို့မလိုပါဘူး” လို့ ဆိုခဲ့ပါတယ်။
အီလွန်မတ်စ်ခ်နဲ့ ရစ်ချတ် ဂရီနယ်လ် တို့နှစ်ဦးစလုံးက အစိုးရကနေ သတင်းဌာနအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။ အခွန်ထမ်းပြည်သူတွေရဲ့ ပေးဆောင်ငွေကို ဒီလိုသတင်းဌာနတွေကို မထောက်ပံ့သင့်ဘူးလို့ ဆိုခဲ့ကြပါတယ်။
အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE) ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ အီလွန်မတ်စ်ခ် က Politico, AP နဲ့ New York Times လိုသတင်းဌာနတွေကို ပြည်ထောင်စုထောက်ပံ့ကြေးငွေတွေ ပေးဆောင်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ မတ်စ်ခ် က ဒီသတင်းဌာနတွေဟာ အခွန်ထမ်း ပြည်သူတွေရဲ့ထောက်ပံ့ငွေတွေကို ထိရောက်မှုမရှိတဲ့အသုံးပြုမှုတွေပြုလုပ်နေတယ်လို့မှတ်ယူရမှာဖြစ်ပြီး သူတို့ကို ရှင်းလင်းပစ်ရမယ်လို့ ဆိုခဲ့ပါတယ်။
ဒီလိုပါပဲ အထူးတာဝန်တွေဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးသံတမန် ရစ်ချတ် ဂရီနယ်လ်ကလည်း အစိုးရက မီဒီယာလှူဒါန်းငွေတွေအသုံးချနေမှုကို လူသိရှင်ကြား ရှုတ်ချမှုပြုခဲ့ပြီး အဲဒီလိုထောက်ပံ့ငွေတွေ ချက်ချင်းရပ်ဆိုင်းရမယ်လို့ မတ်စ်ခ်ရဲ့ လေသံအတိုင်း ပြောကြားခဲ့ပါတယ်။
အခုအခါမှာ ထရန့် ရဲ့အစိုးရက Politico လို မီဒီယာတွေကို လှူဒါန်းငွေတွေရပ်ဆိုင်းဖို့ ဆောင်ရွက်မှုတွေပြုလုပ်နေတာနဲ့အတူ အစိုးရကထောက်ပံ့မှုပြုထားတဲ့ သတင်းဌာနတွေနဲ့ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့အငြင်းပွားမှုနဲ့ စိစစ်မှုတွေဖြစ်နေချိန်မှာပဲ ခုလို တောင်းဆိုမှုတွေ ထပ်မံထွက်ပေါ်လာပြန်တာပါ။
Myanmar Now ရဲ့ သတင်းတစ်ရပ်မှာတော့ “အမေရိကန်အစိုးရထောက်ပံ့သည့်သတင်းဌာနများကို အုပ်ချုပ်သည့် U.S. Agency for Global Media (USAGM) အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် သတင်း မီဒီယာဆိုင်ရာ လုပ်ငန်းဌာန ၆ ခု ရှိသည်ကို တွေ့ရသည်။
■ VOA သတင်းဌာန ■ လွတ်လပ်တဲ့ဥရောပအသံ သတင်းဌာန (Radio Free Europe/Radio Liberty – RFE/RL) ◾ ကျူးဘားအသံလွှင့်ဌာန (Office of Cuba Broadcasting) ■ (လွတ်လပ်တဲ့အာရှအသံ သတင်းဌာန Radio Free Asia – RFA) ■ အရှေ့အလယ်ပိုင်း သတင်းထုတ်လွှင့်မှုကွန်ရက် (Middle East Broadcasting Networks – MBN) ■ ပွင့်လင်း နည်းပညာ ရံပုံငွေအဖွဲ့ (Open Technology Fund – OTF)
ယခုနှစ်အတွက် အသုံးစရိတ်များမှာ VOA သတင်းဌာနအတွက် ဒေါ်လာ သန်း ၃၀၀၊ RFE/RL သတင်းဌာနအတွက် ၁၅၃ သန်း ဖြစ်သည်ဟူသော USAGM အဖွဲ့၏ မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ ” လို့ ဖော်ပြခဲ့သလို ဒီအထဲမှာ မြန်မာတွေသိရှိတဲ့ RFA ကလည်း အမေရိကန်ထောက်ပံ့ခံမီဒီယာထဲပါဝင်နေပြီး ဒီနှစ်မှာ ဒေါ်လာ ၇၁ သန်းရမှာဖြစ်သလို ဒီမီဒီယာ ၇ ခုကို ဒီနှစ်ထောက်ပံ့စရိတ်က ဒေါ်လာ သန်း ၉၅၀ ရှိနေပါတယ်။
Ref & Photo The Kyiv Independent, Myanmar Now
