◾ အချုပ်သားများထွက်ပြေးသည်ထိ ဖြစ်ပေါ်ရသည့်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဟု သိရ

၁၀.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံရဲစခန်းအချုပ်မှ အချုပ်ခန်းကိုဖောက်၍ ထွက်ပြေးသွားသည့် အချုပ်သား ၄ ဦးကို ပြန်လည် ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က အဆိုပါ အချုပ်သား ၄ ဦး ထွက်ပြေးသွားရာတွင် တစ်ဦးကို ကနဦး ဖမ်းမိထားကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
“မနေ့က ပြောသလိုပဲ မူးယစ်မှုနဲ့က ၂ ယောက်။ ခိုးမှုက ၂ ယောက်။ အဲဒီထဲကတစ်ယောက်ကို နေ့တွင်းချင်း မိတယ်။ ကျန်သူတွေကိုတော့ ဒီနေ့မှာ အားလုံး ပြန်ပြီး ဖမ်းမိတယ်။ ဒီလို အချုပ်ခန်းကို ဖောက်ပြေးတယ်ဆိုတာက ပုံမှန်မဟုတ်တဲ့ လုပ်ငန်းဖြစ်တာကြောင့် သက်ဆိုင်သူတွေကို စုံစမ်းဖော်ထုတ်တာတွေကို လုပ်နေပါတယ်”ဟု အဆိုပါ နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်၂ နာရီခွဲခန့် အချိန်က အချုပ်ခန်းအလှည့်ကျလုံခြုံရေးအဖြစ် ရဲတပ်ကြပ် ခင်မောင် တာဝန်ထမ်းဆောင်နေချိန် အမျိုးသားအချုပ်ခန်းလက်ယာဘက်ထောင့် နှစ်တိုင်မြောက် သံတိုင်ကို အရှည် (၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့် ဖြတ်၍ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာကိုဖြုတ်ကာ အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်းကို ဒေါပုံမြို့မရဲစခန်းတွင် ရဲစခန်းအချုပ်ကို တာဝန်မှူး ရဲအုပ် နှောင်းနှောင်းက စစ်ဆေးစဉ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းလွတ်မြောက်သွားသူများမှာ ဒေါပုံမြို့မရဲစခန်း၊ မယ(ပ)၂/၂၀၂၅၊ မယ(ပ)၃/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားရှိသည့် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် နေသူ အသက် ၂၄ နှစ်အရွယ် တရားခံ သူရဇော်(ခ)အောင်ရဲလင်း၊ ဒေါပုံမြို့နယ်၊ မေတ္တာလမ်း ဗိုလ်ထွန်းဇံရပ်ကွက် နေသူ အသက် ၃၃ နှစ်အရွယ် တရားခံ ဝေယံအောင်(ခ) သ င်္ဘောသီး၊ ဒေါပုံမြို့မရဲစခန်း (ပ)၆၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်၅၄ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားသည့် ဒေါပုံမြို့နယ်၊ ဗိုလ်လရောင်လမ်း၊ ကြည်စုရပ်ကွက်နေသူ အသက် ၂၀ အရွယ် တရားခံ ညီညီခန့်(ခ) အသေးလေး၊ လှိုင်သာယာမြို့နယ် ၊ ဇောတိကလမ်း၊ (၁၁)ရပ်ကွက် နေသူ အသက် ၁၇ နှစ်အရွယ် ကလေးသူငယ် တရားခံ ခန့်ထည်ဝါထွန်းတို့ (၄)ဦးဖြစ်ကြောင်း သိရသည်။
