
၉. ၂. ၂၀၂၅
Translated by Thettant
လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီ ဖြတ်တောက်ထားတဲ့ မြန်မာဘက်ခြမ်းကနေ ကားတွေဝင်လာပြီး စက်သုံးဆီအပိုသယ်ယူသိုလှောင်ဖို့ ထုတ်လုပ်ထားတဲ့ Jerrycan Container ဘူးတွေနဲ့ ဆီဝယ်ယူနေတာကြောင့် ဒီလိုမျိုး Jerrycan ဘူးတွေနဲ့ဝယ်ယူတာကို ခွင့်မပြုကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က မနေ့က အမိန့်ထုတ်ပြန်လာပါတယ်။
ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယ အုပ်ချုပ်ရေးမှူး Norasak Suksomboon က ဖေဖော်ဝါရီ ၇ ရက် နေ့စွဲနဲ့ ညွှန်ကြားချက်အရ စက်သုံးဆီတွေကို ဓာတ်ဆီဆိုင်တွေမှာ Jerrycan ဘူးတွေ အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုဖို့ ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ရာဇ၀တ်မှုတွေ တားဆီးဖို့ ထိုင်းအစိုးရကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နယ်စပ်ဒေသငါးခုမှာ လျှပ်စစ်၊ ရေနံနဲ့ အင်တာနက် ထောက်ပံ့မှု ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက်နဲ့လည်း ကိုက်ညီတယ်လို့ ဆိုပါတယ်။
မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူက နေရာငါးခုကို လျှပ်စစ်မီးဖြတ်တောက်ပြီး ကျားဖြန့်တွေကို တိုက်ဖျက်ဖို့ မူဝါဒချမှတ်လုပ်ဆောင်နေတဲ့ ထိုင်းအစိုးရလုပ်ဆောင်ချက် အကောင်အထည်ဖော်တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစ မြန်မာဘက်ခြမ်းကနေ ကားတွေပိုဝင်လာပြီး Jerrycan ဆီဘူးတွေနဲ့ ဆီသယ်ကြတာကြောင့် Jerrycan ထဲ ဆီဖြည့်သွင်းတာကို တားမြစ်ထားတဲ့ ချင်းရိုင်အာဏာပိုင်တွေရဲ့ အရေးပေါ် ညွှန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်သူတွေဟာ ဥပဒေအရ အရေးယူခြင်းခံရမှာလည်းဖြစ်ပြီး ဒီတားမြစ်ချက်ဟာ ချင်းရိုင်ခရိုင်နဲ့ ကပ်လျက် မြန်မာဘက်ခြမ်းနေရာတွေဆီ သက်ရောက်မှာလည်းဖြစ်ပါတယ်။
ဓာတ်ဆီဆိုင်တွေမှာ Jerrycan ကွန်တိန်နာတွေလို ဆီပုံးတွေနဲ့ ဆီဖြည့်တာက ၂၀၀၁ ခုနှစ် စက်သုံးဆီထိန်းချုပ်ရေးအက်ဥပဒေ ပုဒ်မ ၄ နဲ့ ဆန့်ကျင်တယ်လို့ ချင်းရိုင်ခရိုင်က ဆုံးဖြတ်ထားပြီး ဥပဒေအရ ဓာတ်ဆီဆိုင်တွေဟာ မော်တော်ယာဉ်တွေ
ကိုသာ ဝန်ဆောင်မှုပေးရမှာဖြစ်ကြောင်း Khaosod သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်ကို စက်သုံးဆီတင်ပို့မှုကို ထိုင်းအစိုးရက ရပ်ဆိုင်းထားပြီး ဖောက်ဖျက်ကျူးလွန်ရင် ဥပဒေအရ အရေးယူမယ်လို့ လုပ်ငန်းရှင်တွေကို အသိပေးအကြောင်းကြားထားပါတယ်။
မြန်မာဘက်ခြမ်းကို ထိုင်းနိုင်ငံက လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီဖြတ်တောက်အပြီးမှာ စက်သုံးဆီစျေး ကမောက်ကမဖြစ်မြင့်တက်ခဲ့သလို မြဝတီမှာဆို တစ်လီတာကို ၁၅၀၀၀ လောက်အထိမြင့်တက်လာခဲ့ပါတယ်။ The Nation Thailand မှာဆို တစ်လီတာ ဘတ် ၅၀ အထိမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုဖြတ်တောက်မှုကြောင့် မြဝတီဒေသခံတချို့ကလည်း ဇန်နဝါရီ ၈ ရက်မှာ ဆန္ဒထုတ်ဖော်ပြီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနှစ်စင်း ပိတ်ထားဖို့နဲ့ ထိုင်းကုန်စည်တွေ အသွင်းမခံဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref, Nation & Thaiger
