
၉.၂.၂၀၂၅
Written By Zun
မဲဆောက်တွင် မြန်မာနိုင်ငံသား နှစ်ဦးက စာသင်ကျောင်းဆိုင်းဘုတ်ကိုခိုးယူဖျက်ဆီးသည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့၊ မဲဆောက်ရပ်ကွက်ရှိ စာသင်ကျောင်းဆိုင်းဘုတ်ကို ခိုးယူဖျက်ဆီးသောကြောင့် မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့၊ မဲဆောက် ရပ်ကွက်ရှိ စာသင်ကျောင်းဆိုင်းဘုတ် ပျောက်ဆုံးသွားခဲ့ကြောင်း စာသင်ကျောင်းတာဝန်ရှိသူများက မဲဆောက် ရဲစခန်းကို တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်းဘုတ်ခိုးယူသူများမှာ အသက် ၃၀ အရွယ် ဟူစိန် ဆိုသူနှင့် အသက် ၂၄ နှစ် အရွယ် ဟာစင် ဆိုသူတို့ ဖြစ်ကြောင်း၊ မဲဆောက်မြို့၊ အစ္စလာမ်ရပ်ကွက်တွင် ယင်းတို့ငှားရမ်းနေထိုင်သော အခန်း၌ ၎င်းတို့ နှစ်ဦးကို မဲ ဆောက်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။


ငွေကြေးသုံးစွဲရန် ငွေကြေးလိုအပ်နေသောကြောင့် သံဖြင့်ပြုလုပ်ထားသော စာသင်ကျောင်းဘုတ်ကိုခိုးယူပြီး ပစ္စည်းအဟောင်းရောင်းသည့်ဆိုင်တွင် သွားရောက်ပေါင်နှံခဲ့သည်ဟု ဝန်ခံထွက်ဆိုကြကြောင်း သိရသည်။
ယင်းကြောင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားခဲ့သည့်စာသင်ကျောင်းကို သွားရောက်စစ်ဆေးစဉ် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယင်းနေ့ စာသင်ကျောင်းဆိုင်းဘုတ်ခိုးယူသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ နှစ်ဦးကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
