
MT News
၈. ၂. ၂၀၂၅
ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၇ ဒသမ ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားတွင် မူးယစ် ဆေးဝါး အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ ဇော်မင်းနိုင် နှင့် ဇင်ကိုကိုလွင် တို့ ၂ ဦးအား LIGHT TRUCK ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင်(ခ)နန်းမွေလျန်း အား ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၅ လမ်းထောင့်တွင် လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အိုက်စိုင်းအား ၇၂(A)လမ်း၊ ၁၁၇ x ၁၁၈ လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်လည်းကောင်း၊ ခွန်မြတ်(ခ)နောနော် နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့အား ၁၅၁ လမ်း၊ ၇၁(A)လမ်းထောင့်တွင် PRADO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံတို့၏ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူ စိုင်းအိုက်ယုံ အား ၁၁၂(B)၊ ၅၀ x ၅၁ လမ်းကြားရှိနေအိမ်၌ ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်း ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊၁၂၄ x ၁၂၅ လမ်းကြားရှိဂိုဒေါင်ကို ငှားရမ်း၍ ကိုအောင် အား မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း၊ စိုင်းမွန်း(ခ)စိုင်းမွန်လောဝ် နှင့် စိုက်အိုက်ယုံ တို့မှ မကျော့ကေခိုင်(ခ)နန်းမွေလျန်း အား ပွဲစားခ ၁၀ % ပေး၍ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော် နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့်လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို့အတွက် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
