◾️မြဝတီ၊ ရွှေကုက္ကိုလ်နှင့် KK Park တွင် အွန်လိုင်းလိမ်လည်မှုများ၌ အတင်းအဓမ္မ စေခိုင်းခံရသူများသည် ထိုင်းနိုင်ငံကို အရင်ရောက်ရှိပြီး သောင်းရင်းမြစ်ကို တရားမဝင်ဖြတ်ကာ မြန်မာနိုင်ငံတွင်း ရောက်ရှိလာသူများဖြစ်ဟုပါ ဆို

၇. ၂. ၂၀၂၅
Written by Nyein Kyaw
ရှမ်းပြည်နယ် အရှေ့မြောက်ဘက်တွင် ကျားဖြန့်နှင့် ပတ်သက်သည့် အခြားဒုစရိုက်မှုများကို နိုင်ငံတော်အနေဖြင့် စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းပြီး ပြတ်ပြတ်သားသားချေမှုန်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
EAO လက်နက်ကိုင်အဖွဲများအပါအဝင် ဆက်စပ်နေရာများ၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများနှင့် လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခံရသူ ၆၁ ဦးကို ထိုင်းအစိုးရထံ ဖေဖော်ဝါရီ ၆ ရက်က လွှဲပြောင်းပေးခဲ့သည့်အပေါ် “သူတို့ဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အဲဒီကမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ကနဦးရောက်ရှိလာပြီး တရားမဝင်ကျားဖြန့်လုပ်ငန်းက ကိုယ်စားလှယ်တွေက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေအတွင်း အွန်လိုင်းလည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရကြောင်း သိရှိခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်၊ အရှေ့ဘက်တို့တွင်လည်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်နှင့် ပတ်သက်သည့် အခြားဒုစရိုက်မှုများနှင့် ပတ်သက်သည့် ဒုစရိုက်မှုတွေကို နိုင်ငံတော်အစိုးရအနေဖြင့် စစ်ဆင်ရေးတစ်ရပ်သဖွယ် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွင်းက ပြောကြားသည်။
“ဒီလ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့၊ မိုင်းဟဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့များဟာ သွားရောက်ပြီး နယ်မြေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ မိုင်းရယ်မြို့နယ်၊ မိုင်းခဒေသ နောင်ဟန်ရွာအနီးမှာ ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ယာယီအဆောက်အအုံ ၇ လုံးကို တွေ့ရှိတဲ့အတွက် ဝင်ရောက်ပြီး ရှင်းလင်းခဲ့ရာမှာ လက်နက်များ၊ ခဲယမ်းများနဲ့အတူ ကျားဖြန့်လုပ်ငန်းမှာအသုံးပြုတဲ့ ဖုန်း ၁၈၁ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ key Board ၂၈ ခုနဲ့ Wifi စက်နှစ်လုံး၊ Starlink အင်တာနက်ဆက်သွယ်ရေးစက်နှစ်စုံနဲ့ ဆိုလာတွေ၊ ဘတ္ထရီတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ မိုင်းရယ်မြို့ အရှေ့တောင်ဘက် သတင်းရတဲ့နေရာသွားရောက်ရှင်းလင်းတဲ့အခါမှာ ကျားဖြန့်လုပ်ငန်းကို ကာကွယ်ပေးနေတဲ့ လက်နက်ကိုင် သောင်းကျန်းသူ ငါးဦးနဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။ မိမိဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်နိုင်ငံသား ကျား ၇ ဦး၊ မ ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၈ ဦး၊ မ ၄ ဦးတို့ကို လက်နက် ၆ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနယ်မြေကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်ခဲ့တဲ့အခါမှာ မိုင်းတောင်ရဲ့ အနောက်တောင်ဘက် နေရာတစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ်နိုင်ငံသား ကျား ၃ ဦး၊ မ ၁ ဦး၊ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ အနောက်တောင်ဘက်ကိုပဲ ထပ်မံရှာဖွေတဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗီယက်နမ်နိုင်ငံသား မ ၁၈ ဦး၊ မြန်မာနိုင်ငံသား ကျား ၂ ဦး၊ မ၂၅ ဦးနဲ့ စုစုပေါင်း ၄၅ ဦးတို့ကို ကွန်ပျူတာ ၇၂ လုံး၊ စတားလင့်အင်တာနက်စက် ၂၅ လုံး၊ ဖုန်းမျိုစုံ ၇၉လုံး၊ ငါးဂိမ်းစက် ၅လုံး၊ မော်တော်ယာဉ် နှစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူများကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်ပြီး နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသည့် တရားမဝင်အွန်လိုင်းလောင်းကစားမှုများကို နှိမ်နင်းဆောင်ရွက်လျက်မှုနှင့် စပ်လျဉ်းပြီးလည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်တွင် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားခဲ့သလို မြန်မာနိုင်ငံအစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများဟာ မိမိတို့မြန်မာနိုင်ငံသူ နိုင်ငံသားများသာမကဘဲနဲ့ လူသားအားလုံးပေါ်မှာ လိမ်လည်ပြစ်မှုကျူးလွန်ခြင်း၊ အခြားဆက်စပ်ပြစ်မှုကျူးလွန်ခြင်းများဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ပြတ်ပြတ်သားသားခြေမှုန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားထားသည်။
