
ဖြိုးဝေ
၆. ၂. ၂၀၂၅
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ ၁၉ ဒသမ ၉ သန်းကျော်လာပြီး နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြောလာတဲ့ ဒီတစ်ပတ်မှာပဲ မြန်မာ့အရေးမှာ သဘောထားတင်းမာတဲ့ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံဆီ အခုရက်ပိုင်းအတွင်း လာရောက်တော့မှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း KIA က ရှမ်းနီတိုင်းရင်းသား ၇၀၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်နဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေသလို အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့အပြင် ရဟန်းသံဃာပါမချန် သတ်ဖြတ်နေမှုအပေါ် SNUA က အပြင်းအထန်ကန့်ကွက်ရှုတ်ချတဲ့ဖြစ်စဥ်တွေ၊ တိုက်ပွဲတွေအတွင်း PDF ၂၀ သေပြီး ၅ ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ဂဠုန်စစ်ကြောင်းဟာ NUG လက်အောက်ခံအဖြစ်က နုတ်ထွက်သွားတာ၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ AA ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ပြောဆိုတဲ့ ပလက်ဝကောင်စီဥက္ကဋ္ဌကို မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်တွေက ကန့်ကွက်စာထုတ်လာတာ၊ တနင်္သာရီပြည်သူတွေ ကာလရှည် စစ်ရှောင်ဖို့ Black Cobra Column က ခြိမ်းခြောက် အမိန့်ထုတ်တာတွေ ရှိခဲ့တဲ့အပြင် ကျားဖြန့်လုပ်ငန်းတွေကို တာဝန်ရှိသူအဆင့်ဆင့်က တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ SAC ဥက္ကဋ္ဌ ညွှန်ကြားလာတာတွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်း တစ်ရက် ၂ ယောက်အထက် အသတ်ခံခဲ့ရတာ၊ အမေရိကန်က မြန်မာဒုက္ခသည်တွေ ပြန်ပို့မယ့်အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှာ အမတ်ဖြစ်ခဲ့သလို အခု NUG မှာလည်း ပကဖခေါင်းဆောင်ဖြစ်နေတဲ့ ကန့်ဘလူအမတ်ဟောင်း မြင့်ဇော်ဦးတို့ ပသုံးလုံးအုပ်စုက CDM ဆယ်တန်းကျောင်းသူအပါအဝင် အမျိုးသမီးလေးဦးကို မုဒိမ်းကျင့်တာ စတဲ့ အခြေအနေတွေကို သုံးသပ် တင်ပြချင်ပါတယ်။
◾️ တစ်ရက်ကို နှစ်ယောက်အထက် သတ်ဖြတ်ခံနေရတဲ့ ပြည်သူနဲ့နိုင်ငံ့ဝန်ထမ်း
ပြီးခဲ့တဲ့ ခြောက်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အမျိုးမျိုးကြောင့် အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရပြီး ပညာရေး/ကျန်းမာရေးနဲ့ လူနေအဆောက်အဦအပါအဝင် အခြေခံအဆောက်အဦ ၅၁၆ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅) မှာ ပြောကြားခဲ့ပါတယ်။ ထပ်မံသက်တမ်းတိုးခဲ့တဲ့ ယခင်ခြောက်လတာကာလဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကနေ အခု ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ စာရင်းဖြစ်ပြီး ဒီစာရင်းအရ တစ်ရက်ကို နိုင်ငံ့ဝန်ထမ်းနဲ့ပြည်သူ နှစ်ဦးအထက် သတ်ဖြတ်ခံနေရသလို နိုင်ငံပိုင်အခြေအခံအဆောက်အအုံတွေကလည်း တစ်ရက်ကို ၃ ခုနှုန်းလောက် ဖျက်ဆီးခံနေရတာ တွေ့ရပါတယ်။
ဒီနေရာမှာ တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ PDF တွေ၊ PDF ထောက်ခံသူတွေ
၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာလည်း နစကအစိုးရကြောင့် သေဆုံးနေသူတွေရဲ့ စာရင်းကို ထုတ်ပြန်နေတာဖြစ်လို့ နှစ်ဖက်လက်နက်ကိုင်တွေကြားမှာ ပြည်သူသေဆုံးရမှုဟာ ဒါ့ထက်မက များပြားမှာဖြစ်သလို နိုင်ငံပိုင်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးရမှုဟာလည်း တစ်ရက်သုံးလုံးထက် ပိုဦးမှာပါ။ ဒါပေမဲ့ အခုလို PDF နဲ့ EAOs တွေသတ်လို့ တစ်ရက်ကို နိုင်ငံ့ဝန်ထမ်းနဲ့ပြည်သူ နှစ်ဦးအထက် သတ်ဖြတ်ခံနေရတာနဲ့ နိုင်ငံပိုင်အခြေအခံအဆောက်အအုံတွေ တစ်ရက်ကို ၃ ခုနှုန်းလောက် ဖျက်ဆီးခံနေရတာပဲ ဘာကြောင့် ဦးတည်ပြောရသလဲဆိုရင် ဒီ သတ်ဖြတ်ခံနေရတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ၊ ဖျက်ဆီးခံရတဲ့ အဆောက်အအုံစာရင်းတွေကို ကမ္ဘာက စိတ်မဝင်စားဘဲ PDF တွေ၊ PDF ထောက်ခံသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သေကြေပျက်စီးမှသာ အရေးတယူလုပ်ပြီး တပ်မတော်ကိုပဲ တစ်ဖက်သတ် ပုံချနေတာကြောင့် PDF တွေ၊ PDF ထောက်ခံသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ သတ်ဖြတ်မှုကြောင့် နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူတွေလည်း တစ်ရက်ကို နှစ်ယောက်အထက် သေနေတယ်ဆိုတာကို အမေရိကန်နဲ့ အနောက်အုပ်စုတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ သတိမူမိစေချင်လို့ပါ။ လက်နက်ကိုင်အဖွဲ့အစည်း ဘက်နှစ်ခုမှာ တပ်မတော်ဘက်ရှိနေတယ်ဆိုပြီး အသတ်ခံရတဲ့ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူဟာလည်း အပြစ်မဲ့လက်နက်ကိုင် သာမန်လူသားတွေသာဖြစ်ပြီး အသက်တစ်ချောင်းအပိုမပါလို့ ဒီလိုလူသားတွေ သေကြေနေတာကို စာရင်းသွင်း အသိအမှတ်မပြုဘူးဆိုရင် PDF တွေ၊ PDF ထောက်ခံသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သေကြေပျက်စီးမှုတွေကိုလည်း နှုတ်ဆိတ်နေလိုက်ပါတော့လို့ အမေရိကန်နဲ့ NUG ကို ပြောချင်တာကြောင့်ပါ။
◾️ အမေရိကန် ပြန်ပို့မယ့် မြန်မာဒုက္ခသည်
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူတွေကို မိခင်နိုင်ငံဆီ ပြန်ပို့ဖို့စီစဉ်ခဲ့ရာမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်ခဲ့တဲ့ မြန်မာနိုင်ငံသား အနည်းဆုံး ၆၇၉ ဦးကို မိခင်နိုင်ငံဆီ ပြန်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စုံစမ်းရှာဖွေ စစ်ဆေးခဲ့ပြီးနောက် တရားမဝင်နေထိုင်နေသူပေါင်း ၁ ဒသမ ၄ သန်းကျော်ကို မိခင်နိုင်ငံတွေဆီ ပြန်ပို့မှာဖြစ်ပြီး အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ERO အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာတဝှမ်းက နိုင်ငံပေါင်းအနည်းဆုံး ၁၆၃ နိုင်ငံက နိုင်ငံသားတွေဟာ မိခင်နိုင်ငံထံ ပြန်ပို့ခံရမှာဖြစ်သလို ဒီအထဲမှာ လူနှစ်သိန်းခွဲကျော် ပြန်ပို့ခံရမယ့် မက္ကဆီကိုနိုင်ငံသားကအများဆုံးပါ။
အမေရိကန်ရဲ့သမိုင်းမှာ ၂၀၁၆ အထိ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း လူပေါင်း ၇ သန်းခွဲအောက် ပြည်နှင်ဒဏ်ပေး ပြန်ပို့တဲ့အထဲမှာ အိုဘားမားလက်ထက် ရှစ်နှစ်တာကာလမှာ လူပေါင်း ၃ ဒသမ ၂ သန်းခန့် ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီး ထရမ့်ရဲ့ ပထမလေးနှစ်သက်တမ်းက အိုဘာမားထက်တော့ နည်းခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ လေးနှစ်သက်တမ်းအတွင်းမှာ ပြည်နှင်ဒဏ်ပေး ပြန်ပို့မယ့်သူစာရင်း မထွက်လာသေးပေမဲ့ ထရန့်အာဏာယူပြီးမကြာခင် လူပေါင်း ၁ ဒသမ ၄၅ သန်းလောက် ပြန်ပို့မယ်ဆိုတဲ့ စာရင်းထွက်လာပြီး အဲဒီလူစာရင်းက ဘိုင်ဒန် အာဏာယူထားစဥ်က ရက်စွဲနဲ့ဖြစ်နေလို့ ထရန့် ပြန်ပို့မယ့်စာရင်းမဟုတ်သေးဘူးလို့လည်း ကမ္ဘာက နားလည်ထားရတာပါ။ ဒါ့အပြင် အမေရိကန်ရဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူက ၁၁ သန်းလောက်ပဲရှိပေမဲ့ ၁၅ သန်းကနေ သန်း ၂၀ ကြားကို ထရန့်က ပြန်ပို့မယ်လို့ ဆိုထားတာကြောင့် အမေရိကန်သမိုင်းမှာ ၂၀၂၅ ကစ စံချိန်တင် ပြည်နှင်ဒဏ်ပေးမှုတွေ မြင်ရတော့မယ့် အခြေအနေဖြစ်ပြီး ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေစာရင်းကလည်း အခု ၆၇၉ ဦးထက် ပိုများလာဦးမှာပါ။ အခြားတစ်ဖက်မှာလည်း အမေရိကန်ရဲ့ ဩဇာအာဏာတည်ဆောက်ဖို့နဲ့ တခြားနိုင်ငံတွေကို မွှေနှောက်ဖို့ လည်ပတ်နေတဲ့ USAID ရဲ့ ခြစားမှုတွေကြောင့် ဒီအဖွဲ့ကို ဖျက်သိမ်းရေးလုပ်ဆောင်လာလို့ ကမ္ဘာကြီးမှာ သက်သောင့်သက်သာ နေထိုင်လိုသူတွေ၊ အချောင်နေ အချောင်စားလိုသူတွေ ကျဆုံးခန်းမြင်လာရတဲ့ပုံစံပါ။ ဒါပေမဲ့လည်း ပြန်အပို့ခံရမယ့်သူတွေထဲ မြန်မာပြည်ကို အလှူခံ မွှေနှောက် ထောက်ပို့လုပ်နေတဲ့ နိုင်ငံရေးဒုက္ခသည်တွေ အများစု ပါမလာဘဲ သာမန်ရွှေ့ပြောင်းဒုက္ခသည်တွေပဲ ပြန်ပို့လာမှာဖြစ်လို့ မြန်မာနိုင်ငံအဖို့ကတော့ မထောင်းတာလှတဲ့အခြေအနေပဲ ဖြစ်နေမယ့် သဘောပါ။
◾️ CDM ကျောင်းသူကို မုဒိမ်းကျင့်တဲ့ NLD အမတ်ဖြစ်ခဲ့သူ NUG ပကဖခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့အပြင် NUG ရဲ့ လက်ရှိ ကန့်ဘလူပအဖခေါင်းဆောင်ဖြစ်တဲ့ မြင့်ဇော်ဦး အပါအဝင် PDF အုပ်စုက ဖမ်းဆီးထားတဲ့ ဆယ်တန်းကျောင်းသူ၊ Non CDM ကျန်းမာရေးဝန်ထမ်းနဲ့ အခြားအချုပ်သူအမျိုးသမီးနှစ်ဦးကို မုဒိမ်းဝိုင်းကျင့်မှုဟာ ဒီတစ်ပတ်မှာ လှုပ်ခတ်လာသလို ဖော်ထုတ်အရေးယူပေးဖို့လည်း NUG ကို ထောက်ခံတဲ့ အမျိုးသမီးအဖွဲ့တွေကပါ တောင်းဆိုလာတာ တွေ့ရပါတယ်။
NLD၊ NUG နဲ့ PDF တွေ ထောက်ခံတဲ့ Hi သတင်းဌာနနဲ့ ဧရာ၀တီတို့လို့ Exile မီဒီယာတွေ ရေးသားမှုအရ NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦး (ခ) မဲခေါင်က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအတွင်း သောက်စားမူးရူးပြီးချိန်တွေမှာ Non – CDM ကျန်းမာရေးဝန်ထမ်းဖြစ်လို့ ဖမ်းဆီးခံထားရသူ အမည်လွှဲ မဝင်းဝင်းအမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ၃ ကြိမ်အထက် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ကန့်ဘလူ အမှတ် (၁) ပလဖစခန်းရဲ့ စခန်းမှူး ရဲရင့် (ခ) လင်းယုန်က တစ်လင်တစ်မယားဥပဒေနဲ့ အချုပ်ကျနေသူ မဝေဝေ (အမည်လွှဲ) ဆိုတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ကြတာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်အတွက် မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတဲ့ ၁၀ တန်းကျောင်းသူ မရတနာ (အမည်လွှဲ) ကိုလည်း ပလဖအဖွဲ့ဝင် အာကာ ဆိုသူက အတင်းအဓမ္မ ကာမရယူ မုဒိမ်းကျင့်သလို အမှတ် (၁) ပလဖစခန်းက စခန်းမှူး ရဲရင့် (ခ) လင်းယုန် နေရာ အစားဝင်ရောက်တဲ့ စခန်းမှူး အောင်ဇေယျကလည်း တစ်လင်တစ်မယားဥပဒေနဲ့ ဖမ်းဆီးခံရသူ မချိုချိုဆိုတဲ့အမျိုးသမီးကို သူမခင်ပွန်းရှေ့မှာ မိန်းမကိုယ်နဲ့ ရင်သားကို ကိုင်တွယ်ခဲ့သလို အောင်ဇေယျက သူ့လိင်အင်္ဂါကို ကိုင်ခိုင်းခဲ့တာ၊ နောက်တစ်ကြိမ်မှာလည်း မေးစရာရှိလို့ဆိုပြီး အခန်းထဲခေါ် မုဒိမ်းကျင့်ခဲ့သလို “လည်လှီးလိုက်မယ်၊ ပစ်သတ်လိုက်မယ်” ဆိုတဲ့ ခြိမ်းခြောက်မှုတွေပြုလုပ်တဲ့အပြင် ခေတ်သစ်သတင်းဌာနကလည်း NLD အမတ်ဖြစ်ခဲ့သူ NUG ရဲ့ ကန့်ဘလူပအဖခေါင်းဆောင် မြင့်ဇော်ဦးက CDM မလုပ်တဲ့ ဆယ်တန်းကျောင်းသူကို အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါသေးတယ်။
မြင့်ဇော်ဦးဟာ သူ့လိုပဲ NLD အမတ်ဖြစ်ခဲ့တဲ့ NUG ပြည်ထဲရေးဝန်ကြီးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးရည်မွန်တို့နဲ့ ရင်းနှီးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အဆံရှိပုံကိုလည်း သူ့ Facebook မှာ Cover တင်ထားပြီး “ဂုဏ်သိက္ခာကို မည်သည့်အရာနှင့်မျှ မလဲနိုင်ပါ”လို့ Bio ရေးထားသေးတာပါ။ ဒါကြောင့် သူဟာ NLD နဲ့ NUG ရဲ့ ထိပ်ပိုင်းတွေကို ပေါက်ရောက်လို့ လက်နက်ကိုင်အုပ်စုကြားမှာ မထိပါးရဲတဲ့ လူဖြစ်နေတာကြောင့် တစ်နှစ်ကျော်ကြာတဲ့အထိ သူ့မုဒိမ်းပြုကျင့်မှုကို အကြိမ်ကြိမ်တိုင်ပေမယ့် ဘယ်သူကမှ ထိထိရောက်ရောက် အရေးမယူဘူးဖြစ်နေတဲ့ အခြေအနေပါ။
ဒီနေရာမှာ NUG ရဲ့ ပကဖခေါင်းဆောင် မြင့်ဇော်ဦးရဲ့ CDM မလုပ်တဲ့ ၁၀ တန်းကျောင်းသူနဲ့ ကျန်းမာရေးဝန်ထမ်းကို မုဒိမ်းကျင့်တယ်ဆိုမှုအပေါ် NUG က အရေးတယူ စိစစ်အရေးယူမှု ဘာကြောင့် မရှိတာလဲဆိုရင် မယားငယ်ထားမှုနဲ့ နာမည်ကျော်တဲ့ ပြည်ထဲရေးဝန်ကြီးလွင်ကိုလတ်နဲ့ ပုလင်းတူဘူးဆို့မို့လို့ အရေးမယူတာလို့ ကောက်ချက်ချရမှာဖြစ်သလို ရှေ့မှာလည်း NUG က PDF တွေ လူသတ်၊ မုဒိမ်းကျင့်တာကို မသိကျိုးကျွံပြု အရေးမယူခဲ့တဲ့ ဖြစ်စဉ်တွေကြောင့်လည်း သက်သာရာ ရနေတာပါ။ ဒီလို NUG အရေးမယူတဲ့ NLD ပါတီဝင်တွေနဲ့ PDF တွေရဲ့ နာမည်ကျော်တဲ့ မုဒိမ်းမှုတွေထဲ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကျေးရွာတစ်ခုက NUG ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် အမျိုးသမီး စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်တာ၊ ၂၀၂၃ ဧပြီလအတွင်းမှာ ရန်ကုန်မြို့ကနေ ဆောမြို့နယ်ဆီ လာအလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တာနဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တက္ကသိုလ်၊ ရေနဲ့ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခအဖြစ်ကနေ NUG ကို ယုံကြည်လို့ CDM လုပ်ပြီး ထိုင်းနိုင်ငံထွက်ပြေးတဲ့အမျိုးသမီးရဲ့ ငါးနှစ်အရွယ်သမီးငယ်ကို အိမ်နီးချင်းအဖြစ် နေထိုင်တဲ့ NLD ပါတီရဲ့ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်မှုခဲ့မှုတွေက အထင်ကရပါ။ ဒီဖြစ်စဥ်သုံးခုစလုံးမှာ သက်ငယ်မုဒိမ်းနဲ့ မုဒိမ်းတရားခံ NLD ပါတီဝင်တွေနဲ့ PDF တွေကို ဖမ်းဆီးပြီးမှ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ ခေါင်းစဥ်အောက် ပြန်လွှတ်ပေးခဲ့သလို အခုလည်း မြင့်ဇော်ဦးတို့ ပသုံးလုံးတွေရဲ့ မုဒိမ်းမှုအပေါ် အရေးယူပေးဖို့ သတင်းမီဒီယာတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက ဖော်ထုတ်ရေးသားတာ ၁၀ ရက်လောက်ဖြစ်လာတာကို NUG က အရေးလည်းမယူ၊ တုပ်တုပ်လည်းမလှုပ်တာဟာ အရင်အမှုတွေလို အရေးမယူချင်လို့ဖြစ်နိုင်သလို NLD ၊ NUG နဲ့ PDF တွေ မုဒိမ်းကျင့်တာက ထမင်းစားရေသောက်သလို သာမန်လုပ်ရပ်ဖြစ်နေပြီး ပြုကျင့်တိုင်းသာ အရေးယူရင် NUG အဖို့ ဝင်ငွေလမ်းကြောင်းနဲ့ စစ်တိုက်ပေးမယ့် ဓားစာခံတွေ ပျောက်ကုန်မှာစိုးလို့ သူတော်ချင်းချင်း သတင်းလွေ့ထားတယ်လို့ ယူဆစရာဖြစ်နေတာပါလို့ သုံးသပ်ရတော့မလိုဖြစ်နေတဲ့အကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။