◾ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများ ကြိုတင်ပြင်ဆင်ထားရန်ပါ မှာကြား

၃. ၂. ၂၀၂၅
Written by Nyein Kyaw
တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။
တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှု နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ်ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ဆက်လက်မှာကြားသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်း လွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) ကို အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
