
ပုံစာ- ပထမအကြိမ် ရန်ကုန်မြို့ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဆောက်အဦတွင် ပြုလုပ်ခဲ့သည့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား တွေ့ရစဉ်။
၃. ၂. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်မြို့တွင် ဒုတိယအကြိမ် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား ယနေ့မှစ၍ ငါးရက်တိုင်တိုင် ကျင်းပနေပြီး ယခုဖေဖော်ဝါရီလ တတိယအပတ်အတွင်း ပဲခူးမြို့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ဆေးကုမ္ပဏီ ၆၁ ခုမှ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဆောက်အဦတွင် ဖေဖော်ဝါရီ ၃ ရက် (ယနေ့)မှ ဖေဖော်ဝါရီ ၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးဝါးမျိုးစုံ ရောင်းချပေးသွားမည်ဖြစ်သည်။
ဆေးဝါးဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်း၊ အခြားသောအခက်အခဲများအပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်း မရှိစေရန်နှင့် မိမိသုံးစွဲနေကျမဟုတ်ဘဲ အခြားသောအာနိသင်တူ ဆေးဝါးများကိုပါ စိတ်ချစွာဝယ်ယူနိုင်ရန် ဆရာဝန်နှင့် ဆေးဝါးနားလည်ကျွမ်းကျင်သူများကိုပါ ထားရှိကာ ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့ “မင်္ဂလာကန်တော်ခန်းမ” (မြင်းရုပ်အနီး) ၌ ဒုတိယအကြိမ် ဆေးဝါးတိုက်ရိုက်ရောင်းချပေးခြင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပပေးခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ဆက်လက်ရောင်းချပေးခြင်းဖြစ်သည်။ ယခု ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ပဲခူးမြို့တွင်လည်း ထပ်မံဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲများအား ဆေးဝါးသုံးစွဲသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ညွှန်းကြားမှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPM) က ဦးဆောင်ကျင်းပလျက်ရှိပြီး ပထမအကြိမ်အနေအဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီးဖြစ်သည်။
ပုံစာ- ပထမအကြိမ် ရန်ကုန်မြို့ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဆောက်အဦတွင် ပြုလုပ်ခဲ့သည့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား တွေ့ရစဉ်။