
၃၁.၁.၂၀၂၅
Written By Thandar
အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ဆုအိမ့်စံကတော့ ဖိုးကောက် ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးရဲ့ဇနီး ရှိန်းတင်ထူးရဲ့ မိခင်ဆိုတဲ့ ကာရိုက်တာဆန်းလေးနဲ့ ပရိသတ်မြင်တွေ့ ရမှာလို့ ဆိုပါတယ်။


“ဆုဆုကိုတော့ ဖိုးကောက်ရုပ်ရှင်ဇာတ်ကားမှာ ကိုနေတိုးရဲ့ဇနီး ရှိန်းတင်ထူးရဲ့ မိခင်နေရာက မြင်တွေ့ရမှာပါ။ တကယ်တော့ ဆုဆုအတွက် ဒီဇာတ်ကားမှာ ဆင်းန်တွေအများကြီးတော့ မပါပါဘူး။ ဒါပေမယ့် ဆုဆုအတွက် လုပ်ကွက်လေးလည်း ရတာမို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ချစ်စရာကောင်းတဲ့ ဇာတ်လေးဖြစ်သလို နည်းနည်းလောင်တဲ့ဇာတ်လေးလည်း ပါပါတယ်။ ဖိုးကောက်ဆိုတဲ့အတိုင်း စိတ်တွေရဲ့ ကောက်ကျစ်မှုလေးတွေ ပါတယ်လို့ သိရပါတယ်။ ဇာတ်လမ်းမြှုပ်ကွက်လေးတွေပါပါတယ်”လို့ သရုပ်ဆောင် ဆုအိမ့်စံက ပြောပါတယ်။


ဒါရိုက်တာ မယ်မင်းဘုံရိုက်ကူးတဲ့ “ဖိုးကောက်” ရုပ်ရှင်ဇာတ်ကားမှာ သူမအတွက် ဇာတ်ဝင်ခန်းအနည်းငယ်သာ ပါဝင်မှာလည်းဖြစ်ပြီး လုပ်ကွက်ရှိတဲ့အပြင် ကာရိုက်တာ မတူတာလုပ်ရမှာမို့ လက်ခံရိုက်ကူးဖြစ်ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒါရိုက်တာ မယ်မင်းဘုံ ဇာတ်ကားတွေ၊ ရိုက်ကူးမှုတွေ အောင်မြင်လာတဲ့အပေါ်မှာ ကိုယ်တိုင်လည်း ဂုဏ်ယူမိကြောင်းလည်း ပြောပါတယ်။
“ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်လှအောင် အမြဲနေတယ်။ သူများကြည့်လို့ လှတာ မလှတာထက် ကိုယ့်ဟာကိုယ် လှအောင် စိတ်ချမ်းသာအောင်နေတယ်။ ကိုယ်တိုင်က မြန်မာဝတ်စုံလေးကို သေချာပုံကျတာလေးတွေ ဝတ်ဆင်ရတာ ကြိုက်တယ်။ ရင်တို့ ခါးတိုဝတ်စုံလေးတွေ ကြိုက်တယ်။ ကိုယ့်တိုင်က လှလှနေရတာကို ကြိုက်တာ။ ဆုဆုက လှလှနေရတာကြိုက်တယ်”လို့ သူက ဆက်ပြောပါတယ်။
ဆုအိမ့်စံကတော့ မကြာခင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတချို့ ပရိသတ်တွေ ကြည့်ရှုဖို့အတွက် ရိုက်ကူးထားတယ်လို့သိရပါတယ်။