၃၀.၁ .၂၀၂၅
Written by Shwe Phyo
အမေရိကန်နိုင်ငံတွင် ပြီးခဲ့သော ဇန်နဝါရီ ၂၀ ရက်နေ့က ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်ခဲ့သော မြန်မာနိုင်ငံသားအနည်းဆုံး ၆၇၉ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။


အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန၏အစိတ်အပိုင်းတစ်ခုဖြစ်သော Enforcement and Removal Operations ERO အဖွဲ့သည် နိုင်ငံအတွင်းတရားမဝင်နေထိုင်သူများကို စုံစမ်းရှာဖွေ စစ်ဆေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူပေါင်း ၁၄၄၅၅၄၉ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ERO အဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ လူဝင် မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် Non- Detained Docket with Final Orders of Removal လုပ်ခံရမည့်သူပေါင်း အနည်းဆုံး ၁၄၄၅၅၄၉ ဦးရှိနေပြီး အဆိုပါလူစာရင်းထဲတွင် မြန်မာနိုင်ငံသားများပါဝင်ခဲ့ကြောင်း သိရသည်။
ERO အဖွဲ့၏ထုတ်ပြန်ချက်များအရ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်းအနည်းဆုံး ၁၆၃ နိုင်ငံမှ နိုင်ငံသားများသည် Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ပြီး မိခင်နိုင်ငံသို့ပြန်ပို့ခံရမည့်သူများထဲတွင် မက္ကဆီကိုနိုင်ငံသားအများဆုံးဖြစ်ကာ ၂၅၂၀၄၄ ဦးဖြစ်ကြောင်း သိရသည်။
Non-Detained Docket with Final Orders of Removal အမိန့်သည် နိုင်ငံခြားသားတစ်ဦးကို အမေရိကန်နိုင်ငံအတွင်းတရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခြင်းမလုပ်ဆောင်သေးသော်လည်း အမေရိကန်နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့် ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
Non-Detained Docket with Final Orders of Removal အမိန့်ရရှိထားသူအများစုသည် Green Cardနှင့် Visa သက်တမ်းကုန်ဆုံးပြီး အမေရိကန်နိုင်ငံအတွင်းမှ မထွက်ခွာခြင်း၊ နိုင်ငံရေးခိုလှုံခွင့်ပေးရန် တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံရခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းစသော လူဝင်မှုကြီးကြပ်ရေးစည်းကမ်းဥပဒေများကို ချိုးဖောက်ခဲ့သူများဖြစ်ကြာင်း သိရသည်။
Ref, US ice news
