၃၀.၁.၂၀၂၅
Translated by Htwe Ko Tun
American Airlines က စုစုပေါင်း လူ ၆၄ ဦးလိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဝါရှင်တန်ဒီစီမြို့၊ ရော်နယ်ရီဂင်လေဆိပ်ကို ဆင်းသက်ဖို့ ချဉ်းကပ်လာနေစဉ်မှာ စစ်ဘက်ရဟတ်ယာဉ်တစ်စီးနဲ့ တိုက်မိမှုတစ်ရပ် ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်က လေဆိပ်ကို မဆင်းသက်မီမှာ ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့ပြီးနောက် Potomac မြစ်ထဲကို ထိုးကျခဲ့တယ်လို့သိရပါတယ်။


American Airlines ရဲ့ပျံသန်းမှုခရီးစဉ်ဖြစ်ပြီး PSA Airlines က လည်ပတ်ပျံသန်းနေတဲ့ အဆိုပါခရီးသည်တင်လေယာဉ်က ကန်းဆက်ပြည်နယ်၊ ဝီချီတာမြို့ကနေ ပျံသန်းလာတာဖြစ်ပြီး ခရီးသည် ၆၀ ဦးနဲ့ လေယာဉ်ဝန်ထမ်းလေးဦး ပါရှိပါတယ်။ လေယာဉ်က လေ့ကျင့်ရေးပျံသန်းမှုလုပ်နေတဲ့ စစ်ဘက်သုံး Black Hawk ရဟတ်ယာဉ်တစ်စီးနဲ့တိုက်မိခဲ့တာ ဖြစ်ပါတယ်။
မီးသတ်သမားအများအပြားက Potomac မြစ်ထဲကို ဒိုင်ဗင်ထိုးချလို ခရီးသည်တွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သေဆုံးနေတဲ့အလောင်းတွေကိုသာ ရေထဲကနေ ပြန်ဆွဲတင်ခဲ့ကြရပြီး အသက်ရှင်သူ တစ်ဦးတစ်ယောက်ကိုမှတော့ မတွေ့ရသေးဘူးလို့ သတင်းတွေကဆိုပါတယ်။

Black Hawk ရဟတ်ယာဉ်ကတော့ စစ်သားသုံးဦးလိုက်ပါလာတယ်လို့ ယုံကြည်ရပြီး အထက်တာဝန်ရှိသူတစ်ဦးတစ်လေမှ မပါဘူးလို့လည်း ဆိုပါတယ်။ ဒီရဟတ်ယာဉ်က ဗာဂျီးနီးယားပြည်နယ်၊ Fort Belvoir တပ်စခန်းကလို့လည်း သိရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ်မှာတော့ လေဆိပ်ကို လေယာဉ်အဆင်းနဲ့ ထွက်ခွာမှုတွေ အားလုံးကိုဇန်နဝါရီ ၃၀ ရက် နံနက်အထိ ရပ်ထားမှာပါ။
Ref- The Guardian
