
MT News
၂၀. ၁. ၂၀၂၅
စိတ်မကျန်းမာသူအမျိုးသမီးက ငါးနှစ်အရွယ် သမီးဖြစ်သူကို လည်လှီးသတ်ပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားမှု နေပြည်တော်မှာ ဒီနေ့ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ စိတ်ကျန်းမာရေးမကောင်းသူ ဒေါ်…ဟာ သမီးဖြစ်သူ ၅ နှစ်အရွယ် မ…ကို လည်ပင်းလှီးဖြတ် သေဆုံးစေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်…ကိုယ်တိုင်လည်း ကြိုးဆွဲချသေဆုံးသွားခဲ့တာလို့ နေပြည်တော်အခြေစိုက် ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းရဲ့ ကူညီဆောင်ရွက်မှု မှတ်တမ်းအရ သိရပါတယ်။





“ဖြစ်တာက မနက်ခင်းကဖြစ်သွားတာ။ ပတ်ဝန်းကျင်သိတာကတော့ နေ့လယ်ခင်းမှ။ အမျိုးသမီးက အသက် ၄၀ လောက်ပဲရှိသေးတာ။ သူတို့အိမ်မှာက သူတို့သားအမိအပြင် အဘွားလည်း ရှိသေးတယ်ပြောတယ်။ ကလေးက လည်ပင်းအပြင် ဗိုက်မှာလည်း ထိုးသွင်းဒဏ်ရာတွေနဲ့။ လောလောဆယ်ကတော့ သက်ဆိုင်ရာက သူတစ်ပါးပယောဂလားဆိုတာနဲ့ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ် မဟုတ် စိစစ်နေပါတယ်”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ကနဦးအခြေအနေကို ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ သားအမိနှစ်ဦးကို နေပြည် တော် ကုတင် (၁၀၀၀) ဆေးရုံကြီးဆီ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက ပို့ဆောင်ခဲ့ပြီး တာဝန်ရှိသူတွေက ဆက်လက် စိစစ်မှုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်း
