NUG တွင် စီမံဘဏ္ဍာဝန်ကြီးတာဝန်ယူထားသူဦးတင်ထွန်းနိုင်ကို တောတွင်းတစ်နေရာ၌ တွေ့ရစဥ်

၁၁. ၁. ၂၀၂၃
Written by Nay Moe

NUG အတွက် ရန်ပုံငွေရရန် မိုးကုတ်ရတနာ့နယ်မြေတွင် ကျောက်မျက်တူးဖော်ခွင့်ကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု NUG တွင် စီမံဘဏ္ဍာဝန်ကြီးအဖြစ်တာဝန်ယူထားသူ ဦးတင်ထွန်းနိုင်က ယနေ့ အသိပေးသည်။

“ဒီတိုက်ပွဲ မနှေးအမြန်အောင်နိုင်ဖိုဆိုရင် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို အချိန်မီရှာဖွေ ထောက်ကူနိုင်ရေးက အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ပါဝင်တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီအတွက် မကြာခင်မှာ NUG-MoPFI’s Early Partnership Programတွေကို စတင်တော့မှာဖြစ်ပါတယ်။ ဆောင်ရွက်လက်စ စီမံကိန်းတွေဖြစ်တဲ့ The End of Dictatorship-EOD၊ ငွေတိုက်စာချုပ် (Bond) ရောင်းချခြင်း၊ အစရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သလို နောက်ထပ်မတူကွဲပြားတဲ့ စီမံကိန်းများစွာကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်ကဆိုသည်။

ထိုအတွက် တပ်မတော်ပိုင်သည့် ရန်ကုန်မြို အချက်အချာမြေနေရာများတွင် တည်ဆောက်ရောင်းချမည့် အနာဂတ်စီမံကိန်းများအဖြစ် အရည်အသွေးမီ တန်ဖိုးသင့်တိုက်ခန်း(Affordable Apartment) များ အဆင့်မီကွန်ဒိုမီနီယံ (Condominium) များ တည်ဆောက်ရောင်းချရန်ပုံငွေရှာရန် စီမံထားသလို တန်ဖိုးသင့်တိုက်ခန်းများတွင်လည်း ပြည်သူအများ လက်လှမ်းမီပါဝင်နိုင်ရေးအတွက် လစဉ်ပေးသွင်းရမည့်ပမာဏ ဒေါ်လာရာဂဏန်းအနည်းငယ်နှင့် ဝယ်ယူနိုင်အောင် ချိန်ဆစီမံမည့်အပြင် မိုးကုတ်ရတနာ့နယ်မြေတွင် ကျောက်မျက်တူးဖော်ခွင့်ပြုမည်ဟု ဆိုသည်။

“ပွဲဦးထွက် Early Partnership Program တစ်ခုအဖြစ် ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် (Mining Right)ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပျတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါပြီး နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက်သွားမယ့် စီမံကိန်းလည်း ပါဝင်ပါတယ်။ စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မကြာခင် အသိပေးကြော်ငြာသွားမှာ ဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *