Photo credit , ထာဝရအလင်းတန်းပရဟိတအသင်း
၂၃.၁၂.၂၀၂၄
Written by Hey Mar
ညပိုင်းမှာ အအေးပိုလာတဲ့ ဒီဇင်ဘာရဲ့အငွေ့အသက်နဲ့အတူ အိမ်ခြေမဲ့လမ်းဘေးသေဆုံးမှုလည်း များပြားလာပြီး တစ်ပတ်အတွင်း အိမ်ခြေမဲ့အလောင်းလေးလောင်း ကောက်ယူခဲ့ရတယ်လို့ မြောက်ဥက္ကလာပအခြေစိုက် ထာဝရအလင်းတန်း လူမှုကူညီရေးအသင်း ဦးနေဝင်းစိုးထံက သိရပါတယ်။



ဒီနေ့မနက်အစောပိုင်း မြောက်ဥက္ကလာမြို့နယ် (ည) ရပ်ကွက်၊ ဘုမ္မာ(၇)လမ်းထိပ်မှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းပါ အပါအဝင်ဆိုရင် ဒီလတင် မြောက်ဥက္ကလာအနီးတစ်ဝိုက် ကောက်ယူခဲ့ရတဲ့အလောင်းက ဆယ်လောင်းရှိပြီလို့ ဦးနေဝင်းစိုးက ဆိုပါတယ်။
သူက “သေဆုံးသူတွေက အိမ်ခြေမဲ့၊ အရက်သေစာ သောက်စားတတ်သူတွေ ဖြစ်ကြတာရော၊ အအေးပိုလာတဲ့အခါ၊ အခင်းအကာမပြည့်မစုံနဲ့ လမ်းဘေးဖြစ်သလို အိပ်ကြရတော့ နှလုံးသွေးရပ်သေဆုံးတာနဲ့ ဦးနှောက်သွေးကြောပြတ်သေဆုံးတာတွေပါ။ ကောက်ယူရတဲ့အလောင်းတွေက ယောက်ျားတွေပါပဲ”လို့ MT News ကို ပြောပါတယ်။


ဒီနေ့ လမ်းဘေးသေဆုံးနေတဲ့အမျိုးသားက အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး အိပ်နေရင်း သေဆုံးခဲ့တာကို မြောက်ဥက္ကလာပဆေးရုံဆီ PR31 နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ထာဝရအလင်းတန်းအသင်းက ကောက်ယူရရှိခဲ့တဲ့ အမျိုးသားရုပ်အလောင်းတွေကလည်း အသက်လေးဆယ်ဝန်းကျင်အရွယ်ကနေ အသက်ခြောက်ဆယ်အတွင်းလို့ သိရပါတယ် ။
“သေဆုံးတာတွေကတော့ ကူးစက်ရောဂါကြောင့် မဟုတ်ပါဘူး။ ဆေးရုံကလည်း ရင်ခွဲစစ်ဆေးတဲ့အတွက် ဆေးစစ်ချက်ထွက်တာတွေအရ သိရတာပါ။ ကောက်တဲ့အခါလည်း ဝမ်းတွေ၊ သွေးတွေ မတွေ့ရဘဲ၊ အရက်သောက်တတ်တဲ့ သူတွေပေါ့ ဆုံးတာတွေက အဲ့လိုတွေ့ရတယ်”လို့ မြေပြင်ကူညီရာမှာ ကြုံတွေ့ရတဲ့အခြေအနေကို ပြောပါတယ်။
