
၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပေးသွင်းရန်ကျန် ချေးငွေကျပ် ၄၃ ဘီလျံကျော်အား ဘဏ္ဍာနှစ်သုံးလပတ်အလိုက် ပေးသွင်းရန်သတ်မှတ်ထားသော ပမာဏများအတိုင်း အပြေအကြေပေးသွင်းရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က ပြုလပ်သည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပေးဆပ်ရမည့် ချေးငွေကျန်များကို ယခုဘဏ္ဍာနှစ်အတွင်း ပေးဆပ်သွားကြရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျပ် ၆၃ ဘီလျံ ပေးဆပ်ရမည်ဖြစ်ပြီး ယနေ့ထိ ကျပ် ၁၉ ဒသမ ၇၀ ဘီလျံပေးသွင်းခဲ့သည့်အတွက် ပေးသွင်းရန်ကျန် ကျပ် ၄၃ ဒသမ ၃၀ ဘီလျံအပေါ် ဘဏ္ဍာနှစ် သုံးလပတ်အလိုက် ပေးသွင်းရန် သတ်မှတ်ထားသော ပမာဏများအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်များက အပြေအကြေပေးသွင်းသွားရန် ပြောကြားလိုကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက ၁၆၁,၅၉၉ ဒသမ ၅၆ အတွက် ကျပ် ၃၁ ဒသမ ၅၈၅ ဘီလျံ၊ ဝါသီးနှံ စိုက်ဧက ၇၃,၉၈၉ အတွက် ကျပ် ၁၄ ဒသမ ၇၅၄ ဘီလျံဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ သမဝါယမကဏ္ဍဖြင့် စိုက်ပျိုးသော ဆီထွက်သီးနှံ (နေကြာ) စိုက်ဧက ၁၀၀,၂၆၈ ဒသမ ၆၇ ဧကအတွက် ကျပ် ၁၈ ဒသမ ၃၂၆ ဘီလျံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်ကြောင်း၊ ရုရှားနိုင်ငံထုတ် ရွက်ဖျန်းသဘာဝမြေဩဇာသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့်အတွက် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ကြရန်နှင့် နွားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျ မွေးမြူဆောင်ရွက်ကြရန် ဒုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။