၁၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံရေတပ်က သူ့အတွက် နောက်ဆုံးတပ်တော်ဝင်တဲ့ စစ်သင်္ဘောအသစ်ဖြစ်တဲ့ ဖရီးဂိတ်စစ်သင်္ဘော INS Tushil ကို ဒီဇင်ဘာလ ၉ ရက်မှာ တပ်တော်ဝင်ခဲ့ပါတယ်။ ရေတပ်စွမ်းအားကို ပိုမိုကောင်းမွန်စေမယ့် INS Tushil ဖရီးဂိတ် တပ်တော်ဝင်မှုကို အင်ဒို-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယအနေနဲ့ တရုတ်၊ ပါကစ္စတန်တို့နဲ့ ရေတပ်အင်အားယှဉ်ပြိုင်မှု မြင့်တက်လာနေချိန်မှာ ပြုလုပ်ခဲ့တာလည်းဖြစ်တယ်လို့ အကဲဖြတ်လေ့လာသူတွေက ပြောခဲ့ကြပါတယ်။
INS Tushil ဖရီးဂိတ်စစ်သင်္ဘောတပ်တော်ဝင်မှုကို ရုရှားနိုင်ငံ၊ ကာလီနင်ဂရတ်မြို့မှ ရန်တာသင်္ဘောကျင်းမှာ ရုရှားစစ်အရာရှိကြီးတွေနဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နာင်း ခေါင်းဆောင်တဲ့ အိန္ဒိယ စစ်အရာရှိကြီးတွေ တက်ရောက်ခဲ့တာပါ။ ဘက်စုံသုံး ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ ရုရှားနိုင်ငံမှာ ဆောက်လုပ်တဲ့ ကိုယ်ပျောက် INS Tushil ဖရီးဂိတ်စစ်သင်္ဘောက ဒေသအတွင်းတင်းမာနေချိန်မှာ အိန္ဒိယရေတပ်ရဲ့ စွမ်းပကားကို မြှင့်တင်နိုင်လိမ့်မှာဖြစ်ပါတယ်။
အရှည် ၁၂၅ မီတာနဲ့ အလေးချိန် ၃,၉၀၀ ရှိတဲ့ INS Tushil INS Tushil ဖရီးဂိတ်စစ်သင်္ဘောက အိန္ဒိယရေတပ်အတွက် တည်ဆောက်ခဲ့တဲ့ Talwar အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောတွေအနက် ခုနှစ်စင်းမြောက်လည်း ဖြစ်ပါတယ်။ အရင် အိန္ဒိယရေတပ်က အရာရှိတစ်ဦးဖြစ်ပြီး အခုအခါမှာတော့ ဒေလီအခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် စီယူဒေးဘာစကာက သင်္ဘောမှာတပ်ဆင်ထားတဲ့ ခေတ်မီအီလက်ထရွန်နစ်စစ်ဆင်ရေးစွမ်းဆောင်နိုင်ရည်တွေကိုအလေးထားပြောခဲ့ပြီး INS Tushil လို ခေတ်မီစစ်သင်္ဘောတွေက အိန္ဒိယရေတပ်ရဲ့ ရေပြင်တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ်လို့ ဆိုခဲ့ပါတယ်။
INS Tushil တပ်တော်ဝင်ချိန်က ဒေသတွင်းအင်အားကြီးတွေဖြစ်တဲ့ တရုတ်နဲ့ပါကစ္စတန်လို နိုင်ငံတွေနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီအခြေအနေက အိန္ဒိယနိုင်ငံကိုလည်း ရေတပ်အင်အားတောင့်တင်းရေးကို အလေးထားဦးစားပေးဖို့ အာရုံစိုက်နေစေခဲ့တာပါ။ အိန္ဒိယရေတပ်ရဲ့ အနောက်အုပ်စု ရေတပ်အောက်မှာရှိနေမယ့် INS Tushil ဟာလည်း တခြားစစ်သင်္ဘောတွေနဲ့အတူ ‘အိန္ဒိယရေတပ်အတွက် ဓားလက်နက်’ လို့ ခေါ်နိုင်လောက်အောင် အဓိကအခန်းကဏ္ဍက ပါဝင်မယ်လို့ မျှော်လင့်ထားပါတယ်။
Talwar အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောတွေကို ရုရှားနိုင်ငံ Baltiysky Zavod သင်္ဘောကျင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်ကြားမှာ ပထမသုံးစီး စတင်ထုတ်လုပ်ခဲ့ပါတယ်။ နောက်ထပ်သုံးစီးကိုတော့ ရန်တာသင်္ဘောကျင်းက ၂၀၁၃ ခုနှစ်မှာ ထုတ်လုပ်ပေးခဲ့တာပါ။ INS Tushil သင်္ဘောကတော့ အိန္ဒိယနဲ့ ရုရှားတို့အကြား ကာကွယ်ရေးဆက်ဆံမှုတွေကို ပြသနေရုံမက အင်ဒို-ပစိဖိတ်ဒေသအတွင်း အိန္ဒိယအနေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်မယ်ဆိုတဲ့ ဗျူဟာမြောက်ရည်မှန်းချက်ကိုလည်းပြနေတယ်လို့ သုံးသပ်ရမှာပါ။
Ref- Evrim Agaci
