ဇန်နဝါရီ ၄ ရက်က လွတ်ငြိမ်းဖြင့် ပြန်လွတ်လာကြသူများကို ကြိုဆိုနေမှုမြင်ကွင်း(Photo-AFP)
MT News
Written by Nay Aung
နစကသည် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်တွင် အကျဉ်းသား ၇၀၁၂ ဦးကို ပြန်လွှတ်ပေးခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂလူအခွင့်ရေးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါပြန်လည်လွတ်မြောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားများအနက်မှ ၁၉၅ ဦး၏အမှုကို စစ်ဆေးပြီးဖြစ်ကြောင်း ကုလသမဂ္ဂ လူအခွင့်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဂျရေမီ လောရမ့်ကဆိုသည်။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ထဲမှ ၂၂၃ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းအတည်ပြုထားပြီးကျန်သူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။
” မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာခြင်းဟာ သူတို့မတရားထိန်းသိမ်းခံရခြင်းများနဲ့ မိသားစုများအတွက် သက်သာရာရစေခဲ့တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကို ကြိုဆိုပါတယ်” ဟု ဂျရေမီ လောရမ့်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူပေါင်း ၁၇၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ၁၃၀၀၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဂျရေမီ လောရမ့်က ပြောခဲ့သည်။
ref straitstimes
