၇. ၁. ၂၀၂၃
တင်ဆက်/တည်းဖြတ် ပန်းအိ၊ ဟေမာ

Netflix ကနေ DreamWorks စတူဒီယိုရဲ့ နာမည်ကြီး ကာတွန်း ကွန်ဖူးပန်ဒါကို တီဗီစီးရီးအဖြစ် ဖန်တီးထားတဲ့ Kung Fu Panda: The Dragon Knight Season 1 ထွက်ရှိပြီး မကြာခင်မှာဘဲ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် Season 2 ကိုလည်း ဇန်နဝါရီလထဲမှာ ထုတ်လွှင့်ပြသတော့မှာပါ။

Kung Fu Panda: The Dragon Knight Season 1 ဟာ လူဆိုးဇာတ်ကောင် Klaus နဲ့ Veruca တို့ကို အန္တရာယ်ရှိတဲ့ အင်အားတွေ စုစည်းထားတဲ့ တီယန်ရှန် လက်နက်လေးခု စုဆောင်းနေတာကို ရပ်တန့်ဖို့ ဇာတ်ဆောင် ပန်ဒါ ပိုနဲ့ မိတ်ဆွေတွေအတူတကွ ကြိုးပမ်းကြတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ Season 1 ပြသစဉ်ကတည်းက ကြည့်ရှုသူတွေဆီကနေ ကြီးမားတဲ့ အာရုံစိုက်မှုတွေ ရရှိခဲ့တာကြောင့် ယခုအခါမှာ season 2 ကို ထပ်မံ ထုတ်လွှင့်တော့မှာပဲဖြစ်ပါတယ်။

ဒီစီးရီးမှာ စုစုပေါင်း အပိုင်း ၁၂ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး အသံသရုပ်ဆောင်တွေအနေနဲ့ ဇာတ်ဆောင် Po ရဲ့ နေရာမှာ မူလအသံသရုပ်ဆောင်ဖြစ်တဲ့ Jack Black က ပါဝင်သွားမှာဖြစ်ပြီး Rita Ora၊ Della Saba၊ Chris Geere နဲ့ James Hong အစရှိတဲ့ သူတွေက အသံသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြပါတယ်။

Kung Fu Panda: The Dragon Knight Season 2 စီရီးကတော့ စိတ်ကူးယဉ် စွန့်စားခန်းတွေနဲ့ ဟာသလေးတွေပါ ရောနှောပါဝင်တဲ့ စီးရီးအမျိုးအစားဖြစ်ပြီး ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံပြင်ပက ခရီးစဉ်တွေနဲ့အတူ စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ချစ်စရာပန်ဒါလေးရဲ့ တိုက်ခိုက်ပုံတွေ၊ မိတ်ဆွေတွေနဲ့ အတူ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာတွေကို ကြည့်ရှုနိုင်ဖို့ Netflix ကနေ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်လွှင့်တော့မယ့် Kung Fu Panda : The Dragon Knight Season 2 ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *