သေဆုံးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဇနီးမောင်နှံမြင်ကွင်း

MT News
Written by Min Mahar

ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရှိ စီကောင်းကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား အိပ်ပျော်နေစဉ်အတွင်း သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာအုပ်စု၊ စီကောင်းကျေးရွာတွင် ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲခန့်က အသက် ၆၂ နှစ်အရွယ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အသက် ၅၉ နှစ်အရွယ်၎င်း၏ဇနီးဖြစ်သူတို့ နေအိမ်၌ အိပ်ပျော်နေစဉ်အတွင်း အမည်မသိအမျိုးသား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်ထဲသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

“မနက်အစောကြီးပဲရှိသေးတယ် ပစ်သတ်ခံရတာ။ သေနတ်သံ ၃ ချက်လောက်ကြားလို့ ထွက်ကြည့်လိုက်တော့ အုပ်ချုပ်ရေးမှူးအိမ်ထဲကနေ ယောကျာ်းလေး ၂ ယောက်ပြေးထွက်လာပြီး အိမ်ရှေ့မှာ အသင့်စောင့်နေတဲ့ ဆိုင်ကယ် ၂ စီးပေါ်ပြေးတက်သွားကြတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်လာပြီးတော့ ၂ ယောက်က အိမ်ထဲဝင် ပစ်သတ်သွားတာ။ ၂ ယောက်စလုံး သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေသွားခဲ့တယ်” ဟု အခင်းဖြစ်ပွားသည့်အိမ်နှင့် ကပ်လျှပ်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးတွင် ဝဲဘက်ရင်အုံကိုဖောက်ဝင်ကာ ဝဲဘက်လက်ပြင်ကိုပြန်ပြီး ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေပြီး ၎င်း၏ဇနီးသည်လည်း ဝမ်းဗိုက်ကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ရင်အုံကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *