November 4, 2024

၃၁.၁၀.၂၀၂၄
Written By Thandar

အနုပညာလောကမှာ ပရိသတ်အားပေးမှုရရှိထားခဲ့တဲ့ သရုပ်ဆောင် ဖူးဖူးကတော့ လက်ရှိအသက် ၄၀ အရွယ်မို့ တစ်ယောက်တည်း အေးချမ်းစွာဖြတ်သန်းရတာ ပိုသဘောကျလာတယ်လို့ဆိုပါတယ်။

“မဖူးကတော့ အိမ်ထောင်ပြုဖို့တော့ တော်ပြီပေါ့။ ဒါပေမယ့် ဖူးစာဆိုတာ ဘယ်ချိန်ရမလဲ မပြောတတ်သေးဘူးပေါ့။ စကားတော့အကုန်မပြောပါဘူးပေါ့။ လက်ရှိတစ်ယောက်တည်းက အေးချမ်းပါတယ်။ မဖူးကတော့ အသက် ၄၀ပြည့်ပြီးချိန်မှာ တော်တော်လေးကို အေးချမ်းတာကို သိလာတယ်။ တကယ်တော့ အသက် ၂၅၊ ၃၀ ကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုဖို့အသင့်တော်ဆုံးလို့ မဖူးထင်တယ်။ ကိုယ်တိုင်လည်း စဉ်းစားခဲ့တယ်။ ပြတ်သွားခဲ့တာမို့ ဒီအချိန်မှာတော့ တစ်ယောက်နေရတာကို ဒီခေတ်ဒီကာလမှာ ပိုကြိုက်သွားတာပေါ့။ ဒီအရွယ်မှာ ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်သွားလာခွင့်တွေရတယ်လို့ မြင်တယ်။ ဒီအချိန်မှာ စီးပွားရေးတွေလုပ်နေတော့ သရုပ်ဆောင်ပိုင်းပြန်လှမ်းဖို့က ကိုယ်နဲ့အဆင်ပြေတာဆိုရင်တော့ ရိုက်မှာပေါ့နော်။ လောလောဆယ်ပွဲတက် ဓာတ်ပုံရိုက်၊ ပြက္ခဒိန်တွေ ရိုက်ကူးထားတယ်။ မဖူးအနေနဲ့ ရုပ်ရှင်လေး ဒရာမာဇာတ်လေးတော့ရိုက်ချင်ပါတယ်။ ဒါကလည်း စိတ်ကူးထားတာပါ။ လက်တွေတော့မလုပ်ဖြစ်သေးပါဘူး”လို့ သရုပ်ဆောင် ဖူးဖူးက ပြောပါတယ်။

သူမကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ အိမ်ခြံမြေ၊ ကွန်ဒိုအရောင်းအဝယ်လုပ်ငန်းတွေကိုသာ အဓိကလုပ်ကိုင်နေသလို သူငယ်ချင်းတွေနဲ့ အလူမီနီယံမှန်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ အစ်ကိုဖြစ်သူ နိုင်းနိုင်းမိသားစုဆီကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

“အကိုကတော့ လက်ရှိမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတာ။ အကို့ဆီမှာ သိတတ်တဲ့သား သမီးလေးတွေ ပိုင်ဆိုင်ထားတော့ ပျော်ရွှင်စရာကောင်းတာပေါ့။ အကိုက မိဘတွေအပေါ်မှာလည်း သိတတ်တယ်လေ။ မဖူးအတွက်ကတော့ အကိုက လုံခြုံနွေးထွေးမှုပေးတဲ့အကိုပါ။ မဖူးအတွက် Role Model လို့လည်း ပြောလို့ရပါတယ်”လို့ သူမကဆက်ပြောပါတယ်။

#ဖူးဖူး #PhooPhoo #MyanmarActress

#MyanmarCele #NineNine #Celeage40

Leave a Reply

Your email address will not be published. Required fields are marked *