
၁၆.၁၀.၂၀၂၄
Translated by Htwe Ko Tun
သီရိလင်္ကာနိုင်ငံတွင် ရဲတပ်ဖွဲ့က နိုင်ငံတကာဘဏ်များကိုပစ်မှတ်ထားလျက် အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲထားသော တရုတ်လူမျိုး ၂၃၀ ကျော်ကို တရုတ်အစိုးရကပေးပို့သော လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၏ အကူအညီဖြင့် ဖမ်းဆီးခဲ့ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်က လွန်ခဲ့သောရက်သတ္တပတ်အတွင်း ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းဟု စွပ်စွဲခံရသောနေရာများကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ကွန်ပျူတာ အလုံး ၂၅၀ နှင့် မိုဘိုင်းလက်ကိုင်ဖုန်း အလုံး ၅၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ၎င်းတို့လိမ်ညာလှည့်ဖြားခဲ့မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့သည်။
ဟီရတ်က “ဒီကျားဖြန့်လုပ်ငန်းတွေက နိုင်ငံတကာဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေကြတာပဲ” ဟု ဆက်လက်ပြောခဲ့သည်။
ကိုလမ်ဘိုမြို့ရှိ တရုတ်သံရုံးက သီရိလင်္ကာရဲတပ်ဖွဲ့နှင့်အတူ အထူးစစ်ဆင်ရေးများဆောင်ရွက်ရန် တရုတ်အစိုးရက လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ တစ်အုပ်စုကို စေလွှတ်ခဲ့ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ ပြစ်မှုကျူးလွန်သည်ဟုသံသယရှိရသူအများအပြားကို ဖမ်းမိခဲ့ကြောင်းနှင့် ၎င်းတို့ကို တရုတ်နိုင်ငံသို့ပြန်ပို့ရေးနှင့် အခြားလုပ်ငန်းစဉ်များအတွက်ဆောင်ရွက်နေကြောင်းလည်း ကြေညာချက်တွင်ဖော်ပြခဲ့ သည်။
အောက်တိုဘာလ ၁၂ ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုတစ်ခုတွင်ဆိုလျှင် တရုတ်လူမျိုး ၁၂၆ ဦး၊ ဗီယက်နမ်နှစ်ဦး၊ တိုင်းတစ်ဦးနှင့် ဖိလစ်ပိုင်တစ်ဦးတို့ပါဝင်ကာ အများဆုံးဖမ်းမိမှုဖြစ်ကြောင်းလည်း သိရသည်။
သီရိလင်္ကာနိုင်ငံက ကောင်းမွန်သော ဆက်သွယ်ရေးအခြေခံအဆောက်အအုံရှိကာ တောင်အာရှဒေသတွင် 5G ကွန်ရက် ကို နိုင်ငံစီးပွားရေးမကျဆင်းမီ သုံးနှစ်အလို ၂၀၁၉ ခုနှစ်က စတင်ဆောင်ရွက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။
တရုတ်သံရုံး၏ ကြေညာချက်တွင် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများကို တရုတ်အစိုးရက ပြည်တွင်း၌ ဖြိုခွင်းနှိမ်နင်းလျက်ရှိသောကြောင့် အချို့သော ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများက ပြည်ပတွင် ၎င်းတို့၏ကျားဖြန့်လုပ်ငန်းများကို အခြေချဆောင်ရွက်ရန် လုပ်ဆောင်လာကြကြောင်းလည်း ဖော်ပြခဲ့သည်။ ကြေညာချက်က တရုတ်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် သီရလင်္ကာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောခဲ့သည်။
သီရိလင်္ကာရဲတပ်ဖွဲ့က ဇွန်လအတွင်းကလည်း အိန္ဒိယနိုင်ငံသားအများစုပါဝင်သော အွန်လိုင်းလိမ်လည် လှည့်ဖြားမှု ကျားဖြန့်လုပ်ငန်းဆောင်ရွက်နေသူ ၂၀၀ ကို ဖမ်းမိခဲ့သေးသည်။
Ref- AFP
