မိုင်းခွဲခံရသော ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းတာဝါတိုင်ကို တွေ့ရစဥ်

MT News

Written By Myo Khine

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း လျှပ်စစ်မဟာဓာတ်အားလိုင်း တာဝါတိုင်တစ်တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့ မိုင်းထောင် ဖျက်ဆီးမှုတစ်ခု ဇန်နဝါရီ ၁ ရက် နံနက် တစ်နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း MT News က စုံစမ်းသိရသည်။

“ည ၁၂ နာရီ ကျော်ပြီဆိုတော့ ဒီနေ့ပေါ့။ ဒီနေ့ တစ်ရက်နေ့မနက် တစ်နာရီနီးပါးလောက်ကပေါ့။ ဟုတ်ပါတယ်။ မိုင်းခွဲခံရတာပါ။ ကျွန်တော်တို့က သိတဲ့အချိန်မှာ သွားရောက် စစ်ဆေးတာတွေလုပ်တယ်။ တိုင်က အောက်ခြေယိုင်သွားတာ ဖြစ်လို့ မနက်ဖြန် ကျတော့မှ ကွန်ကရစ်ပြန်လောင်းပြီးတော့ ပြင်ရမှာ။ တိုင်ကို သေသေချာချာ ပြန်တည့်ပြီးတော့ အဲလိုပြင်တဲ့အချိန်မှာ မီးဖြတ်ထားရမှာပါ။ အခုကတော့ လျှပ်စစ်လိုင်းကို ဖြတ်မထားသေးဘူး။ နေ့ချင်းပြီးအောင် ပြင်နေကြတယ်။ ဒီနေ့ ညပိုင်းလောက် ပြီးနိုင်အောင်တော့ ကြိုးစားနေကြပါတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမည်မဖော်လိုသော အရာထမ်းတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ မိုင်းခွဲခံရသော လျှပ်စစ်ဓာတ်အားလိုင်းမှာ ၂၃၀ ကေဗွီလိုင်းဖြစ်ပြီး တောင်ငူမှ သာယာကုန်း၊ သာယာကုန်းမှ ကမာ၊ကမာမှ သံလျင်နှင့် မှော်ဘီမြောင်းတကာဘက်သို့ သွယ်တန်းထားသော လိုင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၀၆ ခုနှစ်က တည်ဆောက်ခဲ့သောကြောင့် ယင်းအချိန်က လျှပ်စစ်မီးပေးဝေနိုင်မှုများကို ယင်းဒေသအပါအဝင် ရန်ကုန်တွင်လည်း ပို၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ယခုကဲ့သို့ မိုင်းခွဲခံထားရသော်လည်းလည်း မကြာသေးခင်က ပြီးစီးခဲ့သော ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းကြောင့် လတ်တလောတွင် လျှပ်စစ်မီး ပြတ်တောက်မသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *