March 28, 2024

မူဆယ်နယ်စပ် ပို့ကုန်စခန်း(Photo-Commerce)

MT News

Written by Ye Kyaw

တရုတ်နှစ်သစ်ကူးနီးလာ၍ တရုတ်ကုန်သည်များ ဇာတိမြေသို့ ပြန်သွားကြသဖြင့် လက်ရှိအချိန် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်စည်ဒိုင်တွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်မှုလျော့ကျလာကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

“သွင်းကုန် ပို့ကုန်နည်းသွားတယ်။ ဘာလို့လဲဆိုတော့ နှစ်ကုန်ပိုင်းလည်းရောက်လာပြီး တရုတ်နှစ်သစ်ကူးကနီးလာပြီ။ ဒါကြောင့် တရုတ်နှစ်သစ်ကူးအချိန်မှာ ရွှေလီမှာရှိတဲ့ ကုန်သည်တွေက တချို့နယ်ကိုပြန်သွားကြတာများတယ် ။ သူတို့ဇာတိတွေဆီ။ ဒီဇင်ဘာနောက်ဆုံးအပတ်ကတော့ အဝင်ရောအထွက်ရော နည်းသွားတာတွေ့ရတယ်” ဟု မူဆယ်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးမင်းသိန်းက MT News သို့ ပြောသည်။

လက်ရှိတွင် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုဆောင်ရွက်နေသည့် နယ်စပ်ဂိတ်ငါးခုရှိပြီး တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါများ ပြန်လည်ဖြစ်ပွားမှုများကြောင့် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ခြင်းကြောင့် ကျိန်စန်းကျော့(ကျင်စန်းကျော့)တစ်ခုတည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ကျိန်စန်းကျော့(ကျင်စန်းကျော့)ဂိတ်သို့ တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၅၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

“တစ်နေ့ကို ဆန်တို့ဆန်ကွဲတို့ ပြောင်း၊ နှမ်း၊ ပဲ၊ ရေထွက်ပစ္စည်းတို့ ကြံတို့ ဖရဲ၊ သခွား ကားအစီးရေ ၁၅၀ လောက် နေ့စဥ်ဝင်ပါတယ်” ဟု ဦးမင်းသိန်းက ဆိုသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ရှိသည်။ ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာသန်း ၁၉၀ နီးပါးသာရှိကြောင်း စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *