ရုရှားနိုင်ငံ၊ ဆလပ်ဗ်ရန်ကာမြို့ဆိပ်ကမ်းတွင် ရေနံကန်များကို တွေ့ရစဉ်

၂၈. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ရုရှားအစိုးရက ၎င်း၏ရေနံကိုဝယ်ယူရာတွင် ဈေးနှုန်းကန့်သတ် သတ်မှတ်မှုဖြင့်သာဝယ်ယူရန် အနောက်အုပ်စုနိုင်ငံများ၏ သဘောတူညီချက်ကို လိုက်နာသည့်နိုင်ငံများသို့ ရေနံရောင်းချမှုပိတ်ပင်သည့် အမိန့်တစ်ရပ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဥရောပသမဂ္ဂ၊ G7 နှင့် သြစတြေးလျတို့က ရုရှား၏ ယူကရိန်းနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုကို တုံ့ပြန်သောအနေဖြင့် ရုရှားနိုင်ငံမှတင်ပို့သော ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ ထက် ပိုမပေးရန် ဒီဇင်ဘာလ အစောပိုင်းက သဘောတူခဲ့ကြသည်။

ရုရှားသမ္မတ လက်မှတ်ထိုးထုတ်ပြန်သော ထိုအမိန့်တွင် အဆိုပါ ရုရှားနိုင်ငံ ရေနံဈေးနှုန်းကန့်သတ်မှုကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သဘောတူညီမှုရှိသော ပြည်ပမှ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့အား ရုရှားနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ကုန်တို့ ထောက်ပံ့ရောင်းချမှုအား တားမြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အမိန့်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဟု သိရသည်။ ထိုအမိန့်သက်ရောက်မှုအား ရုရှားသမ္မတ ပူတင်ထံမှ အထူးဆုံးဖြတ်ချက် တစ်ရပ်ရပ်အပေါ်တည်၍ အချို့ကိစ္စတစ်ခုချင်းစီ၌ ဖျက်သိမ်းနိုင်ကြောင်းလည်း အမိန့်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၊ G7 နှင့် သြစတြေးလျတို့က ရုရှား၏ ရေနံကို ဈေးနှုန်းကန့်သတ်ပြီး ရုရှားနိုင်ငံဝင်ငွေကို တင်းကြပ်ရန် ကြိုးစားနေကြသော်လည်း ရုရှားက ကမ္ဘာ့ရေနံဈေးကွက်ကို ဆက်လက် ထောက်ပံ့မှုပြုနေနိုင်သေးသည်။ ဥရောပသမဂ္ဂက ရုရှား၏ပင်လယ်ရေကြောင်းမှ ရေနံစိမ်းဖြန့်ချိမှုများကို ပိတ်ဆို့ထားမှုနှင့်အတူ ယခုကဲ့သို့ ရေနံစိမ်း ဈေးနှုန်းကိုပါ ကန့်သတ်ခဲ့ကြခြင်းက ရုရှားအနေဖြင့် ရေနံကို တတိယနိုင်ငံများသို့ အမြင့်ဈေးနှုန်းဖြင့်ရောင်းချကာ ပိတ်ဆို့မှုကို ရှောင်ကွင်းမသွားနိုင်စေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ရုရှားအစိုးရက ထိုသို့ ၎င်း၏ရေနံဈေးနှုန်းအား ကန့်သတ်မှုက ၎င်း၏ယူကရိန်းရှိ စစ်ရေးဆောင်ရွက်မှုကို အကျိုးသက်ရောက်မှုရှိမည်မဟုတ်သလို ၎င်းအနေဖြင့် ဝယ်ယူသူအသစ်များရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းပြောခဲ့သည်။

Ref-Moscow Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News