၂၄. ၁၂. ၂၀၂၂

Written by Naing Thuta

မွေ့ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ အားသွင်းကြိုးခေါင်းအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဒီဇင်ဘာ၂၄ ရက်နေ့လည်က မန္တလေး မဟာအောင်မြေမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်အမှတ် (၆၅၁)၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားတွင် ဒီဇင်ဘာ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က မိသားစုဝင် ၅ ဦးနေထိုင်သည့်နေအိမ်၌ အသက် ၃၃ နှစ်အရွယ်အမျိုးသမီးသည် နေအိမ်အပေါ်ထပ်ရှိ မွေ့ယာပေါ်တွင် ဖုန်းအားသွင်းကြိုးတပ်ထားရာမှ အားသွင်းကြိုးခေါင်းအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ ဒုညွှန်မှူး ဦးဌေးဝင်း ဦးစီးသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ လူမှုကူညီရေးအသင်းများမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၊ မီးငြိမ်းသတ်ယာဥ်(၁၀)စီး၊ ရေသည်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၅၆ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး လောင်ကျွမ်းမှု Level (1) အဆင့်ရှိကြောင်း ဒုညွှန်မှူး ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ၈ ပေ၊ ၄၀ ပေခန့်ရှိသော ၃ ထပ် အဆောက်အဦ၏ အပေါ်ဆုံးထပ် သွပ်မိုးကျောက်ပြားကာထားသည့် အထပ်မီးလောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး စုစုပေါင်း ၅ သိန်းကျပ်ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုခဲ့သည့် အမျိုးသမီးအား သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *