MT News

Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ် အောက်တိုဘာ ၁ ရက်ကဖြစ်ပွားခဲ့သော ဘောလုံးပွဲတစ်ခု၌ ပရိသတ်များကြောက်လန့်တကြား၊ ဝရုန်းသုံးကား ထွက်ပြေးကြမှုကြောင့် ကလေးငယ် ၄၀ ဦးအပါအဝင် လူ ၁၇၄ ဦး သေဆုံးခဲ့မှုအတွက် သေဆုံး(သို့မဟုတ်) ဒဏ်ရာခဲ့ရသူများ၏ မိသားစုခုနှစ်စုက ထိုဖြစ်ရပ်အတွက် တာဝန်ရှိသည်ဟု ၎င်းတို့ယူဆသော သမ္မတအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များကို တရားစွဲခဲ့ကြောင်း ၎င်းတို့၏ရှေ့နေများက ဒီဇင်ဘာ၂၃ ရက်တွင် ပြောသည်။

ဘောလုံးပွဲသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ခဲ့ရသည့် ထိုဖြစ်ရပ်က ဂျာဗားကျွန်း၊ မာလန်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်အသင်းဖြစ်သော Arema F.C နှင့် ပြိုင်ဘက် Persebaya Surabaya အသင်းတို့ ကစားကြသည့် ထိုပွဲတွင် အိမ်ရှင်အသင်းက နှစ်ဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးတွင် အိမ်ရှင်အသင်း၏ ပရိသတ်များက ကွင်းအတွင်းဝင်ရောက်ကာ အကြမ်းဖက်မှုများ ပြုခဲ့ကြသည်။ ကွင်းအတွင်း လူ ၃,၀၀၀ ခန့် ကျူးကျော်ဝင်ရောက်လာကြရာ Persebaya Surabaya အသင်းသားများက ကွင်းအတွင်းမှ လျင်မြန်စွာထွက်ပြေးခဲ့ကြသော်လည်း Arema F.C. ကလပ် အသင်းသားများမှာတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်သူများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်တားဆီးရာမှ ပရိသတ်အတွင်း ဝရုန်းသုန်းကား ကြောက်လန့်တကြားပြေးလွှားမှုများဖြစ်ခဲ့ကာ အသက်ရှုကျပ်မှုများလည်း ဖြစ်ပွားခဲ့သည်။

ကွင်းအတွင်း ပရိသတ် ၄၀,၀၀၀ ခန့်ရှိရာ လူအများအပြားမှာ ကွင်း၏တစ်ခုတည်းသောထွက်ပေါက်သို့ ဦးတည်ပြေးလွှားခဲ့ကြရာမှ သေဆုံးသူအများစုမှာ တစ်ဦးနှင့်တစ်ဦး နင်းမိခြင်း၊ လူအများအပြား စုပြုံတိုးဝှေ့ကြခြင်း၊ ဝရုန်းသုန်းကားဖြစ်ခြင်းနှင့် အသက်ရှုကျပ်ခြင်းတို့ကြောင့်ဖြစ်ကြောင်းလည်း သိရသည်။ ကွင်းအတွင်း၌ပင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၃၄ ဦးသေဆုံးခဲ့ပြီး လူ ၁၈၀ ဦးဒဏ်ရာများရရှိ၍ ဆေးရုံများသို့ပို့ခဲ့ရသည်။ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင်မူ သေဆုံးသူအရေအတွက် ၁၇၄ ဦးအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ပရိသတ်အများအပြားသေဆုံး၊ ဒဏ်ရာရမှုများမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့၍ ဖြစ်ကြောင်း အပြစ်တင်ပြောကြားခဲ့ကြသည်။

တရားစွဲခံရသူများတွင် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်၊ အမျိုးသားရဲတပ်ဖွဲ့၊ PT Liga Indonesia Baru ပြိုင်ပွဲဦးစီးကျင်းပသူနှင့် မာလန် Arema F.C ဘောလုံးအသင်းပိုင်ဆိုင်သူများလည်း ပါဝင်ကြောင်းသိရသည်။ ထို့ပြင် တရားစွဲခံရသည့်စာရင်း၌ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို လည်းပါဝင်သည်ဟုဆိုသည်။ တရားလိုမိသားစုများ၏ ရှေ့နေတစ်ဦးဖြစ်သော အီမန် ဟီဒါရတ်က ထိုတရားစွဲခံရသူများမှာ ထိုဖြစ်ရပ်အတွက်တာဝန်ရှိပြီး လျော်ကြေးပေးရန် တောင်းဆိုထားသည်။ ထိုကဲ့သို့ သေဆုံး (သို့မဟုတ်)ဒဏ်ရာရသူများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းကို စဉ်းစားပေးကြရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

Ref—-AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News