October 23, 2024

၂၀.၆.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက္ခမီလမ်းမကြီး‌ပေါ် ဈေးကြိုဆန်တန်း၊ ရွှေလက်တို့ ကားပြင်ဆိုင်ရှေ့တွင် ဇွန်လ ၁၉ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်နှစ်စီးတိုက်မိကာ လဲကျနေသော ဆိုင်ကယ်တစ်စီးနှင့်မောင်းသူကို ၁၂ ဘီးကားက ထပ်မံတိုက်မိကာဆိုင်ကယ်ချိတ်ပါသွားသဖြင့် ဆိုင်ကယ်မောင်းသူ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ခဲ့သည့် ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှသိရသည်။

“ကျွန်တော်တို့စသိတော့ ဆိုင်ကယ်ကို ကား​ကြိတ်သွားတယ်ဆိုပြီး သိရတာ။ CCTV မှတ်တမ်းပြန်ကြည့်တော့ ဆိုင်ကယ်နှစ်စီးအရင်တိုက်ပြီးမှ လဲကျနေတဲ့ဆိုင်ကယ်တစ်စီးနဲ့လူကို ၁၂ ဘီးကားကမမြင်ဘဲ ကားအောက်ပိုင်းနဲ့ ချိတ်ပြီး ပြန်ကျခဲ့တာ”ဟု ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၂ ဘီးကားဖြင့် ချိတ်မိပါသွားသော ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ အသက် ၄၈ နှစ်အရွယ်ရှိပြီး မော်လမြိုင်မြို့ မြိုင်သာယာ(၂)လမ်းတွင် နေထိုင်သူဖြစ်​ကြောင်း၊ ၎င်းတွင် ပါးစောင်များပဲ့ထွက်ကာ နံရိုးများလည်း ထိခိုက်ဒဏ်ရာရရှိပြီး လူနာမှာ အသက်အန္တရာယ်စိုးရိမ်ရသော အနီရောင်အဆင့်ရှိသော လူနာဖြစ်ကြောင်း ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ အမျိုးသားကို ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးက ကူညီကယ်ဆယ်ပေးခဲ့ပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဝင်တိုက်သည့်ဆိုင်ကယ်နှင့် ၁၂ ဘီးကားမှာ မောင်းနှင်ထွက်​ပြေးသွား၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *