၃၁. ၅. ၂၀၂၄
Written by Ye Kyaw


ငစိန်ဆန်ကြမ်းသည်ပင် တစ်ပြည် ကျပ် ၃၂၀၀ ကျော်လာ၍ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၈ ခုရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် ရောင်းပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ အဓိကရောင်းချနိုင်အတွက် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ဝါတန်းဆန်ကုန်စည်ဒိုင်တွင် ပေါ်ဆန်းရှယ် တစ်အိတ် ကျပ် ၁၆၀,၀၀၀ (တစ်ပြည် ၆၆၀၀ ကျပ်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ်တစ်အိတ် ကျပ် ၁၄၀,၀၀၀ (တစ်ပြည် ၅၈၀၀ ကျပ်) နှင့် ငစိန်ဆန်ကြမ်းတစ်အိတ် ကျပ် ၇၂,၀၀၀ (တစ်ပြည် ၃၀၀၀ ကျပ်) ရှိကြောင်း ဈေးနှုန်းများ ဖော်ပြထားသည်။
သို့သော် လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းထူးထူးရှယ် တစ်အိတ် ၁၈၈,၀၀၀ ကျပ် (တစ်ပြည် ကျပ် ၈၀၀၀ ခန့်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ်တစ်အိတ် ကျပ် ၁၆၁,၀၀၀ ကျပ် (တစ်ပြည် ၆၇၀၀ ကျပ်) နှင့် ငစိန်ဆန်ကြမ်းတစ်အိတ် ကျပ် ၇၇,၀၀၀ (တစ်ပြည် ၃၂၀၀) အထိ မြင့်တက်နေခြင်းဖြစ်သည်။
ရွှေဘိုထူးထူးရှယ်ဆန် တစ်ပြည် ကျပ် ၈၀၀၀ ခန့်အထိ ဖြစ်ပေါ်နေသော်လည်း ပစ္စည်းဝင်ရောက်မှုမရှိဟု ဆိုကာ အမြင့်ဈေးနှုန်းပေးလျှင်ပင် ဝယ်ယူမရဖြစ်နေပြီး “ရွှေဘိုထူးထူးရှယ်လေး ပစ္စည်းပြတ်သွားပါပြီ ရောက်ရင် Post တင်ပေးပါ့မယ်နော်” ဆိုကာ ဆန်ဆိုင်တချို့ မေလ ၃၀ ရက် (ယမန်နေ့) တွင် တင်ထားကြသည်ကို တွေ့ရှိရသည်။
ထို့ပြင် ဆန်ချောမတတ်နိုင်သော ပြည်သူများ ဆန်ကြမ်းပြောင်းလဲစားသုံးမည်ဆိုပါကလည်း ရက် ၉၀ ဆန် တစ်အိတ် ကျပ် ၉၃,၀၀၀ (တစ်ပြည် ၃၈၀၀)၊ ဇီယာဆန်တစ်အိတ် ကျပ် ၈၉,၀၀၀ (တစ်ပြည် ၃၇၀၀ ကျပ်)၊ မနောသုခဆန်တစ်အိတ် ကျပ် ၉၆,၀၀၀ (တစ်ပြည် ၄၀၀၀ ကျပ်)နှင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးမည့် ဧည့်မဆန်ကြမ်းသည်ပင် ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် တစ်အိတ် ကျပ် ၇၈,၀၀၀ (တစ်ပြည် ၃၂၅၀ ကျပ်) အထိဖြစ်ပေါ်နေသည်။
ပုံစာ- မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သက်သာသောဈေးနှုန်းဖြင့် လက်ရှိရောင်းချပေးနေမှုကို တွေ့ရစဉ် (Photo- MRF)


