သေနတ်ဖြင့် ပစ်ခတ်ခံရသူနှစ်ဦးနှင့် ယင်းတို့ပစ်ခတ်ခံရသော ကွမ်းယာဆိုင်မြင်ကွင်း

၂၀. ၁၂. ၂၀၂၂
Written by Min Mahar

ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေသည့် အမျိုးသား ၂ ဦးအား သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု အမရပူရမြိုနယ်တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ ယတ္တန်းရပ်(ဒေသအခေါ်) ၊ ကွမ်းသီးတန်းလမ်းနှင့် သင်ပန်းကုန်းလမ်းဆုံ၌ဖွင့်ထားသော “ကံပွင့်”ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေသည့် အသက် ၄၀ အရွယ်နှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသား ၂ ဦးကို ကွမ်းသီးတန်းလမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသည့် CZI အနက်ရောင်ဖြင့် အမျိုးသားလူငယ် ၂ ဦးက ကွမ်းယာဆိုင်သို့ ရောက်လာပြီး ပစ္စတိုသေနတ်ဖြင့် ၅ ချက်ပစ်ခတ်ကာ အရှေ့ဘက်အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကွမ်းယာရာနေချိန် သေနတ်သမား ၂ ယောက်က ကွမ်းယာဝယ်သလိုလိုနဲ့ ရောက်လာပြီးတော့ ဆိုင်ထဲမှာရှိတဲ့ ကွမ်းယာရောင်းတဲ့သူ ၂ ဦးလုံးကို သေနတ်နဲ့ ၅ ချက်တောင် ပစ်သွားပြီး ထွက်ပြေးသွားကြတာ။ အခုတော့ အပစ်ခံရတဲ့ ၂ ဦးကို လူမှုကူညီရေးအသင်းက ဆေးရုံကြီးကိုပို့ထားပြီး ဆေးကုသမှုခံယူနေကြတယ်။ အသက်အန္တရာယ်ရှိမရှိတော့ အတိအကျမသိသေးဘူး။ သူတို့အိမ်ကလူတွေကတော့ ဆေးရုံကပြန်မလာကြသေးတော့ သတင်းအတိအကျမရသေးဘူး”ဟု ကွမ်းယာဆိုင်အနီးတွင် စျေးရောင်းနေသော စျေးသည်တစ်ဦးက ပြောသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရသူ၂ ဦးအား အမရရွှေကူလူမှုကူညီရေးအသင်းယာဥ်ဖြင့် မန္တလေးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် အမရပူရမြို့၊ ထန်းတပင်(၅)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြကြောင်းလည်း သိရသည်။ ၎င်းတို့နှစ်ဦးကို မည်သည့်အတွက်ကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးသလို မည့်သည့်အဖွဲကလုပ်ဆောင်သွားကြောင်းလည်း မသိရသေးပေ။ ထိုပစ်ခတ်မှုအပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း အခင်းဖြစ်ပွားပြီးမကြာမီလာရောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားခဲ့ကာ တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *