MT News
၂၅.၅. ၂၀၂၄

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၂၀၆) ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၆၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂) ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျုးလွန်ဖျက်ဆီးမှုများကြောင့် ပြည်သူများလည်း အများအပြားသေဆုံးခဲ့ရပြီး နွေဦးတော်လှန်ရေးသုံးနှစ်ကျော်ကာလအတွင်း ရဟန်းသံဃာ၊ သီလရှင်၊ ကလေးသူငယ်၊ ဆရာ၊ ဆရာမများအပါအဝင် ရပ်ကျေးနှင့် နိုင်ငံ့ဝန်ထမ်း ၈၀၀၀ ကျော်အထိ သေကြေခဲ့ရသည်။

ယမန်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်ခန့် နှင့် ၂ နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့်ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၆ နာရီတွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခဲ့ရာ လက်ရှိရထား‌ပြေးဆွဲနေသည့် အဆန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံး ခန့်ပျက်စီးပြီး၊ စီမံကိန်းဆောင်ရွက်လျက်ရှိသော အစုန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့် ပျက်စီးနေကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၆ နာရီတွင် ညောင်ပင်သာနှင့် ကညွတ်ကွင်းရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်းအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထားတာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဆိုပါမိုင်းဖြစ်စဉ်ကြောင့် အမှတ် (၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ကညွတ်ကွင်းသို့ နံနက် ၁၁ နာရီ ၄၇ မိနစ်အချိန် ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန်တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန် (၃၁) မိနစ်နှင့် အမှတ် (၁) အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် ပဲနွယ်ကုန်းသို့ နေ့လည် ၁၂ နာရီ ၈ မိနစ်အချိန်ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၃ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန် (၁၀) မိနစ်အသီးသီး လူစီးရထားများ ကြန့်ကြာမှုဖြစ်ပေါ်၍ အမှတ် (၆၅၁) အစုန်ကျောက်ရထားသည် ဇေယျဝတီဘူတာ၌ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရောက်ရှိရပ်နားထားရပြီး ဖြူးဘူတာမှ ယမန်နေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ် (၉၉၄) အစုန် သာစည်-ပုဇွန်တောင်ခရီးစဉ်ကုန်ရထားအား ခေတ္တစောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့်အချိန်မှသာ စေလွှတ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရထားစီးခရီးသည်အများစုမှာ နွမ်းပါးဆင်းရဲသော အခြေခံပြည်သူများသာဖြစ်ပြီး အခြေခံလူတန်းစားများအပေါ်သာ အဓိကဆိုးကျိုးသက်ရောက်သည့် အဆိုပါ ရထားကွန်ရက်ဖျက်ဆီးမှုအား ပြည်သူများက နှစ်လိုမှုမရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *