April 28, 2024

၁၉. ၁၂. ၂၀၂၂
Written by Nay Moe

NUG ၏ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်မယားငယ်ယူကာ သားယောကျ်ားလေးတစ်ဦး မွေးဖွားထားခြင်းနှင့် အလုပ်သမား ဒုဝန်ကြီးဦးကျော်နီဇနီး မသီတဂူက ဆေးခြောက်ရောင်းသော Bar ဆိုင် မဲဆောက်တွင် ဖွင့်လှစ်စီးပွားရှာနေသည့် ဝေဖန်စွပ်စွဲမှုများ ဒီဇင်ဘာ ၁၈ ရက်တွင် ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဖြစ်စဥ်ကို ရေးသားသူမှာ ဦးကျော်နီနှင့် ဇနီးမသီတဂူကို မဲဆောက်သို့ ခေါ်ဆောင်သည့် အမေရိကန်နေ မြန်မာအမျိုးသမီး San Maw အကောင့်သုံးစွဲသူဖြစ်ကာ ဦးကျော်နီနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ဖြစ်ခဲ့သူဟုလည်း သိရသည်။

ထို့အတူ ဦးကျော်နီ၏ဇနီး မသီတဂူသည်လည်း မဲဆောက်တွင် ဆေးခြောက်နှင့် Bar ဖွင့်ရန် စီစဥ်ထားသော်လည်း ဝေဖန်မှုများကြောင့် သူမ၏မောင်ဖြစ်သူအမည်နှင့် ပြောင်းလဲဖွင့်လှစ်ကြောင်း၊ ထို့အပြင် ဆေးခြောက်နှင့် Bar ဆိုင်ဖွင့်ချိန်တွင် NUCC ၌ တာဝန်ယူထားသည့် သက်ဆွေဝင်းနှင့် ကဗျာဆရာဝေမှူးသွင်ဟု အမည်ပြောင်းသွားကြောင်း၊ ဝေမှူးသွင်မှာ မသီတဂူ၏ ပေးစာကမ်းစာစားနေသူဖြစ်ကြောင်း၊ ဦးကျော်နီမှာလည်း အဂတိမှုများနှင့် နာမည်ထွက်နေကြောင်း ရေးသားထားသည်။

“ကျော်နီတို့ဆိုတာ ဒေါက်တာဝင်းမြတ်အေးဆီကနေ နွားခြံကို ကန်ထရိုက်ဆွဲတုံးကလည်း ငွေအမှောက်နာမည်ထွက်သေး။ ဒုတိယတစ်ကြိမ် မဲဆောက်ရွှေ့ပြောင်းအလုပ်သမားတွေဆီက ဘတ်သန်းချီပြီး နာမည်ထွက်လာတော့ ဝန်ကြီးကတော်က လက်နက်တွေဓာတ်ပုံရိုက်ပြီး လက်နက်တွေ တပ်ရင်းကိုပို့လိုက်ပါပြီတဲ့။ သူတို့တပ်ရင်းက ရဲဘော်တွေကိုစုံစမ်းတော့ ကိုင်ခွင့် မပြောနဲ့ မြင်ခွင့်တောင်မရှိဘူးတဲ့။ လက်နက်တွေကို ဓာတ်ပုံရိုက်ပြီး တင်တဲ့အလုပ်တွေက အကြောင်းသိတွေဖြစ်နေတော့ရီစရာ ဟားစရာတွေပါ။ အခုတော်လှန်ရေးပိုက်ဆံတွေက ပြည်သူလူထုရဲ့ချွေးနည်းစာတွေပါလို့ပြောပါရစေ” ဟု ရေးသားထားသည်။

San Maw အကောင့်ပိုင်ရှင်က ဦးလွင်ကိုလတ် မယားငယ်ယူခြင်းအပေါ် ရေးသားရာတွင် ဦးကျော်နီတို့လင်မယား၏ လုပ်ရပ်များအပေါ် တိုင်ကြားချိန် ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသည့် ဦးလွင်ကိုလတ်က အရေးမယူသဖြင့် ပုလင်းတူဘူးဆို့အသွင်ဖြစ်နေကြောင်း ဦးလွင်ကိုလတ်မှာလည်း တော်လှန်ရေးပိုက်ဆံများ သုံးဖြုန်းကြောင်း ရေးသားထားသည်။

“အခုတော်လှန်ရေးပိုက်ဆံတွေက ပြည်သူလူထုရဲ့ချွေးနည်းစာတွေပါလို့ပြောပါရစေ။ ပြည်တွင်းရော ပြည်ပကပါ တိုင်နေတာကို ဘာကြောင့်လဲလို့ထပ်စုံစမ်းတော့ ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ် တာဝန်လို့မသတ်မှတ်ဘဲ ရာထူးလို့သတ်မှတ်ပြီး ၅ နေရာလောက်ယူထားပီး ရူးနေတာ။ မယားကြီးနဲ့ခလေးကိုတော့ US ပိုပြီး တော်လှန်ရေးမလုပ်ဘဲ ဒုက္ခနဲ့ထွက်လာတဲ့မိန်းကလေးခြေတော်တင်တာ။ ကလေးမွေးသွားပြီ။ ယောက်ျားလေးတဲ့။ တစ်ဖက်မိန်းခလေးနာမည်ကိုတော့ ထည့်မရေးတော့ပါဘူး။ ၅ နေရာလောက်ယူပြီး ဘတ်ဂျက်ငွေတွေနဲ့ တော်လှန်ရေးမလုပ် သုံးဖြုန်းနေတာ” ဟု ရေးသားထားသည်။

ထို့အပြင် “နောက်တစ်ယောက် ခရမ်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် သိန်းဇော်လတ် လက်နက်ပွဲစားလုပ်ပြီး ချမ်းသာနေတာ။ ကားတွေ ချိန်းလိုက် နောက်ဆုံးပေါ် Apple ဖုန်းကိုသုံး၊ မယားငယ်နဲ့ပျော်မြူးနေတာ။ အဲဒါပြည်သူလူထုချွေးနည်းစာတွေ။ နောက်တစ်ယောက် လှိုင်သာယာမြို့နယ် ကိုယ်စားလှယ် မြတ်မင်းသူ မီးခွက်စျေးမှာ တိုက်ခန်းဝယ်ထားတာ အခုချိန်အထိ လစဉ်သွင်းနေတာတစ်လမှ မပျက်ဘူး”ဘူးဟုလည်း ရေးသားထားသည်။

ထို့သိုရေးသားသည့်အတွက် မ San Maw ၏ ညီမမိသားစုအား ခြိမ်းခြောက်လာကြောင်း၊ ထို့ပြင် မသီတဂူ၏ “Happy Herbs” Bar ကို စုံစမ်းသည့် PDF လူငယ်များအား ဒလန်ဟု အသံလွှင့်နေကြောင်း၊ ထိုသူများထိခိုက်ပါက ဦးကျော်နီတို့လင်မယားအပါအဝင် ခြိမ်းခြောက်သူများ တာဝန်သာဖြစ်ကြောင်း San Maw အကောင့်ပိုင်ရှင်က ရေးသားသည်။

အဆိုပါ ရေးသားချက်များ ပျံ့နှံနေမှုအပေါ် MT News သတင်းဌာနက ဦးကျော်နီ၊ မသီတဂူနှင့် ဦးလွင်ကိုလတ်တို့ အသုံးပြုနေသည့် လူမှုကွန်ရက်အကောင့်များသို့ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆက်သွယ်မေးမြန်းထားပြီး ယင်းတို့မှ ပြန်လည်ဖြေရှင်းလာပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News