ထိုင်းပင်လယ်ကွေ့အတွင်း မုန်တိုင်းကြောင့် ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းတွင် နစ်မြုပ်နေသော ထိုင်းရေတပ်မှ ဆူခိုထိုင်း အမြန်သွားစစ်ရေယာဉ်အား တွေ့ရစဉ်

၁၉. ၂. ၂၀၂၂
Translated by Htwe Ko Tun

ထိုင်းရေတပ်မှ ရတ်တာနာကိုဆင်အမျိုးအစား အမြန်သွားတိုက်ရေယာဉ်တစ်စီးဖြစ်သော ဆူခိုထိုင်း(HTMS Sukhothai) စစ်သင်္ဘောသည် ထိုင်းပင်လယ်ကွေ့အတွင်း မုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် နစ်မြုပ်သွားခဲ့ပြီး သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေသောကြောင့် လေကြောင်းမှ ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေကြောင်း ထိုင်းရေတပ်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပေါ့ခရောင် မွန်သာပါလင်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ပေါ့ခရောင်က အဆိုပါ အမြန်သွားတိုက်ရေယာဉ်မှာ ပရာချတ်ကီရိခန်ပြည်နယ်၊ ဘန်ဆာဖန်ခရိုင် ကမ်းခြေမှ ရေမိုင် ၂၀ ခန့်အကွာတွင် ကင်းလှည့်နေခဲ့ခြင်းဖြစ်ကြောင်း၊ ကြီးမားသောရေလှိုင်းကြီးများ၏ တိုက်ခတ်မှုကြောင့် ရေယာဉ်ဦးညာဘက်သို့ ၆၀ ဒီဂရီအထိ တိမ်းစောင်းကာ ပင်လယ်ရေများ ရေယာဉ်အတွင်းဝင်ရောက်၍ ည ၁၁ နာရီခွဲခန့်တွင် နစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ဆူခိုထိုင်းသင်္ဘောမှာ လျှပ်စစ်ဓာတ်အားပြတ်၍ မှောင်ကျသွားခဲ့ရာ ထိုအချိန်တွင် အဓိကအင်ဂျင်စက်က မလည်ပတ်နိုင်တော့ဘဲဖြစ်ကာ ရေယာဉ်မှာလည်း ထိန်းချုပ်မရဖြစ်ပြီး ညာဘက်သို့ ဆက်လက်တိမ်းစောင်းသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။ သင်္ဘောနစ်မြုပ်ရာသို့ အခြားစစ်ရေယာဉ်သုံးစီးနှင့် ရဟတ်ယာဉ်နှစ်စီးတို့ကို ချက်ခြင်းစေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက်သတင်းအချို့က ဆူခိုထိုင်းသင်္ဘောပေါ်ရှိ ရေတပ်သား ၁၀၆ ဦးအနက် ၇၈ ဦးကို ကယ်ဆယ်ရရှိ၍ ပရာချတ် ကီရိခန်ပြည်နယ်သို့ သယ်ဆောင်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့အနက်သုံးဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရထားကြောင်း ဖော်ပြခဲ့ကြသည်။ နောက်ဆုံးရရှိသောသတင်းများအရမူ ရေတပ်သား ၃၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ရေပြင်နှင့်ဝေဟင်တို့မှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

ဆူခိုထိုင်းသင်္ဘောသည် အမေရိကန်ပြည်ထောင်စုတွင် Tacoma သင်္ဘောတည်ဆောက်ရေးကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် တပ်တော်ဝင်ခဲ့သည်။ တာဝန်ထမ်းဆောင်မှု ၃၆ နှစ်နီးပါးရှိပြီဖြစ်ပြီး လေကြောင်းကာကွယ်ရေး၊ တိုက်ခိုက်ရေးနှင့် ရေငုပ်သင်္ဘောရှာဖွေတိုက်ခိုက်ရေးတာဝန်များပါ ထမ်းဆောင်နိုင်သည်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *