၁၈.၅.၂၀၂၄
Translated by Htwe Ko Tun

ရာသီဥတုနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူ ရှစ်ဦးက ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကွင်းပြင်အတွင်း မေလ ၁၈ ရက် နံနက်က ချိုးဖောက်ဝင်ရောက်ဆန္ဒပြခဲ့ကြသည့်အတွက် ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မြူးနစ်လေဆိပ်ကိုလည်း ခေတ္တ ပိတ်ထားခဲ့ရကာ အသွားအလာများသည့် ရက်သတ္တပတ်အကုန် အားလပ်ရက်အတွင်း လေယာဉ်ပျံသန်းမှုခရီးစဉ် ၆၀ ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆန္ဒပြသူများအနက်ခြောက်ဦးက တစ်ဦးနှင့်တစ်ဦးချိတ်ဆက်ကာ လေယာဉ်ပြေးလမ်းကြောင်းတစ်ခုကို ပိတ်ဆို့ထားခဲ့ကြကြောင်း၊ ၎င်းတို့အား ယခုအခါ ပြန်လည်ရှင်းလင်း၍ အခြေအနေကို ထိန်းချုပ်ပြီးဖြစ်ကြောင်းနှင့် လေဆိပ်၏လေယာဉ်ပြေးလမ်းကြောင်းအားလုံးကို လေယာဉ်အဆင်းအတက်များအားလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းပြောခဲ့သည်။

Last Generation ဟုခေါ်သော ရာသီဥတုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယခင်ကလည်း အလားတူ ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။ မြူးနစ်လေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် ၎င်းတို့အဖွဲ့သားများက ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်း Last Generation အုပ်စုက ပြောကြားခဲ့သည်။

လေယာဉ်ပြေးလမ်းပေါ်ရောက်ရှိလာသော ဆန္ဒပြသမားခြောက်ဦးက လေယာဉ်ကွင်းအတွင်း နှစ်နေရာခွဲကာ ထိုင်လျက်ဆန္ဒပြခဲ့ကြကြောင်း၊ ဆိုင်းဘုတ်တစ်ခုတွင်ဆိုလျှင် ပြဿနာက အစိုးရကြောင့်ပါ၊ အားလပ်ရက်ကြောင့်မဟုတ်ပါဘူးဟုရေးထားကြောင်းလည်း လူမှုကွန်ရက် X တွင် ရေးသားခဲ့ကြသည်။

Last Generation အုပ်စုကမူ ဖြစ်ရပ်အတွက် တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း၊ ဝေဖန်မှုပြုခြင်းမျိုး မပြုလုပ်သေးကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်တွင် လေဆိပ်ကို နှစ်နာရီနီးပါးပိတ်ထားခဲ့ရကာ ဆင်းသက်မှုပြုမည့် ပျံသန်းမှုခရီးစဉ် ၁၁ ခုကို လမ်းကြောင်းလွှဲပျံသန်းစေခဲ့ကာ ၆၀ ခန့်ကိုဖျက်သိမ်းခဲ့ရပြီး နှောင့်နှေးမှုများဖြစ်နေဆဲပင်ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Ref-reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News