September 8, 2024

၁၈. ၅. ၂၀၂၄
Written by Pan Ei

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘန်ယမ်းပြည်နယ်မှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်း စပိန်နိုင်ငံသား သုံးဦး သေဆုံးပြီး အနည်းဆုံး စပိန်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့(မေလ ၁၇ ရက်)က ပြောကြားခဲ့ပါတယ်။

သောကြာနေ့အစောပိုင်းက တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ဒ်ဘူ မာတင်း ကွမ်နီးက တိုက်ခိုက်မှုအတွင်း နိုင်ငံခြားခရီးသွား သုံးဦးနဲ့ အာဖဂန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သလို ပစ်ခတ်မှုအတွင်း နိုင်ငံခြားသား လေးဦးနဲ့ အာဖဂန်နိုင်ငံသား သုံးဦးလည်း ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူလေးဦးကို ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီဆောင်ရွက်ပေးနေကြောင်း ဖော်ပြခဲ့ပြီး စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကလည်း အာဖဂန်နစ္စတန်မှာ စပိန်ခရီးသွားတွေ အသတ်ခံရမှုသတင်းကြောင့် အံ့အားသင့်ခဲ့ရကြောင်း လူမှုစာပို့ပလက်ဖောင်း X မှာ ရေးသားခဲ့ကာ ဘာ့ကြောင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သလဲဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဘန်ယမ်းတောင်တန်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ်က တာလီဘန်တို့ အရင်အုပ်ချုပ်စဉ်ကာလက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ဧရာမဗုဒ္ဓရုပ်ပွားတော် နှစ်ဆူရဲ့ အကြွင်းအကျန်တွေ တည်ရှိရာနေရာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးကတည်းက တာလီဘန်တို့က လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းဖို့ ကတိကဝတ်ပြုခဲ့ပြီးနောက် နိုင်ငံတွင်းကို ဝင်ရောက်လာတဲ့ ခရီးသွားအရေအတွက် တိုးပွားလာကာ ဗုဒ္ဓရုပ်ပွားတော်တွေကို ဝင်ရောက်ကြည့်ရှုဖို့လည်း လက်မှတ်တွေကို ရောင်းချပေးလျက်ရှိပါတယ်။

သောကြာနေ့က တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်က တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံသားတွေကို အပြင်းထန်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း ကဘူးလ်မြို့က တရုတ်စီးပွားရေးသမားတွေ အများအပြားတည်းခိုတဲ့ ဟိုတယ်တစ်ခုမှာ တရုတ်နိုင်ငံသားတွေကို တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *