၁၇ . ၅, ၂၀၂၄
Written by Nyein Kyaw
မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေး လေကြောင်းခရီးစဉ် (Cargo Flight) အား ယမန်နေ့က စတင်ပြေးဆွဲကြောင်း မြန်မာအမျိုးသားလေကြောင်လိုင်းက ထုတ်ပြန်အသိပေးကြေညာထားသည်။
ရန်ကုန်-နန်နင်း -ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် Cargo Flight အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Boeing 737 – 800 Freighter လေယာဉ်ဖြင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ကဏန်းနှင့် ငါးရှဉ့် ၁၆ တန် တင်ဆောင်၍ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် စတင်ပျံသန်းခဲ့ပြီး တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်နှင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo ခရီးစဉ်များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။