နမ့်ဆန်၊ ကုန်းသာရွာရှိ PDF စခန်းအား လခရတပ်များ ချေမှုန်းသိမ်းဆည်းသည့် မြင်ကွင်;

-TNLA က ပစ်ခတ်မှုရှိသော်လည်း NUG ၏ PDF များကို လာရောက်ချေမှုန်းခြင်းသာဖြစ်ဟု ရှင်းပြမှုအပေါ် လက်ခံ

MT News

Written by Nay Moe

ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးတွင် စခန်းချလာသည့် PDF များအား လခရက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရာ အရာရှိနှင့် စစ်သည်အချို့ ကျဆုံးသော်လည်း​ PDF စခန်းအား ချေမှုန်းနိုင်ခဲ့ပြီး ထိုသို့တိုက်ခိုက်မှုအပေါ် ကနဦးတွင် TNLA က ပစ်ခတ်မှုရှိသော်လည်း NUG ၏ PDF များကို လာရောက်ချေမှုန်းခြင်းသာဖြစ်ဟု ရှင်းပြမှုအပေါ် လက်ခံခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တောတွင်းပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသော PDF အဖွဲ့များသည် NUG၊ CRPH တို့နှင့် ဆက်သွယ်၍ ပလောင်ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သယ်ဆောင်လာကြောင်းနှင့် ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက် ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံတောင်ပေါ်ကျေးရွာ တိုင်းရင်းသားအချို့၏ သတင်းပေးပို့မှုရရှိခဲ့သည်။

ထို့အတွက် ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်စစ်ကြောင်းများမှ လေကြောင်းချီ စစ်ဆင်လျက် ဝိုင်းပတ်ပိတ်ဆို့၍ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး PDF အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။

PDF အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် NUG၊ CRPH၊ PDF တို့ကိုသာ အကြမ်းဖက်အဖြစ် သတ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ် သဘောပေါက်နားလည် လက်ခံခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *