September 8, 2024

၁၃. ၅. ၂၀၂၄
Written by Nay Moe

ပူတာအိုမြို့မှာ မေလ ၁၀ ရက်နေ့က မုန်ညင်းဆီကြိတ်သွားတဲ့ မိခင်ကို ကူညီပို့ဆောင်ပေးတဲ့ အသက် ၁၅ နှစ်အရွယ် ရဝမ်အမျိုးသမီးငယ် မဒူနော်(မဂွမ်ရိန်ဒူနော်) ကို သက်ငယ်မုဒိမ်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်မှုအတွက် ထိရောက်စွာအရေးယူပေးဖို့ ပူတာအိုမြို့ခံပြည်သူ လူသောင်းနဲ့ချီက ဒီနေ့မှ ဆန္ဒပြခဲ့ပါတယ်။

“အသက် ၁၅ နှစ်အရွယ် သက်ငယ်အမျိုးသမီး မ ဂွမ်ရိန်ဒူနော်သည် လူမဆန်စွာအုပ်စုဖွဲ့ သက်ငယ်မုဒိမ်း အဓမ္မပြုကျင့်ခံခဲ့ရသည်သာမက ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများရိုက်ချိုးခြင်း၊ ရက်စက်ယုတ်မာစွာ လည်ပင်းလှီးသတ်ပစ်ခြင်းခံခဲ့ရသဖြင့် ယနေ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ဌာနေရဝမ်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားမိတ်ဆွေ တစ်သောင်းခန့် ငြိမ်းချမ်းဆိတ်ငြိမ်စွာ ဆန္ဒဖော်ထုတ်နေကြသည်။ ဤလူသားမဆန်သော ပြစ်မှုကျူးလွန်သူတရားခံများအား အမြန်ဆုံးဖော်ထုတ်ပေးရန်နှင့် ပြင်းထန်စွာ ပြစ်ဒဏ်စီရင်ပေးရန် ထပ်ဆင့်တောင်းဆိုသည်။ ဤသက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်သော မှုခင်းဖြစ်စဉ်များ မှန်ကန်ရိုးသားမှုမရှိသည်ကိုတွေ့ရပါက နိုင်ငံတကာ ရဝမ်အမျိုးသားထုတစ်ရပ်လုံးမှငြိမ်ခံနေမည်မဟုတ်ပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည်”လို့ Rvwang Alliance – RA အဖွဲ့က ဒီနေ့မှာ အသိပေးထားပါတယ်။

မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ မဒူနော်ရဲ့ စျာပနာနဲ့ စီတန်းလှည့်လည်မှုကို ဒီနေ့မနက် ၁၀ နာရီကစပြီး တစ်ဆက်တည်းပြုလုပ်တာဖြစ်ပြီး မြို့ခံပြည်သူတွေက အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ဆန္ဒပြခဲ့သလို ဥပဒေနဲ့မညီတဲ့ ပစ္စည်းတွေ ယူဆောင်မလာဘဲအေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒဖော်ထုတ်မှုစျာပနာကို လုံခြုံရေးရယူကူညီပေးခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်သူတစ်ဦးက MT News ကို ဖြေဆိုပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwaves သတင်းမှာတော့ မဒူနော်ဆိုတဲ့ ရဝမ်အမျိုးသမီးငယ်တစ်ဦးကို သက်ငယ်မုဒိမ်းပြုကျင့်တဲ့ သံသယတရားခံတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ကဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ကို အပ်နှံထားတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲဲ့က ဖမ်းဆီးစစ်ဆေးနေပြီး သံသယတရားခံက လေယာဥ်ကွင်းရပ်ကွက်က မှန်ဆိုင်မှာအလုပ်လုပ်နေတဲ့ရွှေ့ပြောင်းလုပ်သားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“သံသယတရားခံမိတယ်ဆိုပေမဲ့ တစ်ယောက်တည်းဖမ်းစစ်နေတာဖြစ်ပြီး မြို့ခံပြည်သူတွေက ဒီအမှုဟာ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်လိုက်တယ်လို့မြင်နေကြတာ။ ဒါကြောင့် တခြားကျန်တဲ့တရားခံတွေရှိရင် ဖော်ထုတ်ဖို့နဲ့ သက်ငယ်မုဒိမ်းတရားခံကို ထိထိရောက်ရောက်အပြစ်ပေးဖို့ ဆန္ဒဖော်ထုတ်ကြတာ”လို့ ပူတာအိုဒေသခံတစ်ဦးက မြို့နေပြည်သူလူထုရဲ့ခံစားချက်ကို ပြောပြပါတယ်။

မဒူနော်ကို ရက်ရက်စက်စက် သက်ငယ်မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုအတွက် ပူတာအိုဒေသနဲ့ နိုင်ငံတကာရောက်ရဝမ်လူမျိုးစုအဖွဲ့အစည်းငါးဖွဲ့ကလည်း လူသားမဆန်တဲ့ ပြစ်မှုကျုးလွန်သူတရားခံများကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ တရားမျှတစွာ အပြစ်ဒဏ်ပေးဖို့တောင်းဆိုထားသလို အမှုကိုစောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

ပုံစာ။ သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ခံရသော မဒူနော်အတွက်ဆန္ဒဖော်ထုတ်မှုနှင့် သံသယတရားခံမြင်ကွင်း (Photo – Kachinwaves ၊ Rvwang Allaiance၊ November Yong)

Leave a Reply

Your email address will not be published. Required fields are marked *