၁၇.၁၂.၂၀၂၂
Written by Nay Aung
မြန်မာ့နိုင်ငံရေးအခက်ခဲတွင် ပါဝင်နေသည့် အဖွဲ့စည်းများကြား မတူကွဲပြားမှုများက သမုဒ္ဒရာများခြားနားသလိုမျိုး ရှိနေသည့်အတွက် အဖွဲ့စည်းများကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် စတင်ခြင်းမှာ ခက်ခဲလျက်ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ပရက်ဆိုခွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆိုခွန်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော အာဆီယံ-အီးယူထိပ်သီးအစည်းအဝေး၌ အီးယူအဖွဲ့၏ လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာကော်မတီ (PSC)နှင့် တံခါးပိတ် အစည်းအဝေးပြုလုပ်ချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးများဖြစ်စေရန်အတွက် အကျဉ်းသားများ ပိုမိုလွှတ်ပေးမည်ဟုမျှော်လင့်ကြောင်း ပရက်ဆိုခွန်းကပြောသည်။ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မကြာသေးမီက NLD ပါတီအဖွဲ့ဝင်များအပါအဝင် အကျဉ်းသား ၆၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့မှုသည် မြန်မာနိုင်ငံရှိအဖွဲ့စည်းများကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ စတင်နိုင်မည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရန်အတွက် အပြုသဘောဆောင်သည့်အပြုအမူမျိုးဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ချိန်အတွင်း တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန်အတွက် တံခါးအနည်းငယ်ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာ့နိုင်ငံရေးပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့စည်းများအနေဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များကို အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို အသုံးချနိုင်မည်ဟုမျှော်လင့်ကြောင်း ပရက်ဆိုခွန်းက ပြောဆိုခဲ့သည်။
တစ်ဖွဲ့အပေါ် တစ်ဖွဲ့သစ္စာရှိပြီး အဖွဲ့များကြား မတူညီကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းရန်အတွက် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသည့် အဖွဲ့စည်းများကြား အပြန်အလှန်ယုံကြည်မှုရှိရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကအဓိက အရေးကြီးလျက်ရှိနေကြောင်း ပရက်ဆိုခွန်းကဆိုသည်။
နစက အပါအဝင် မြန်မာနိုင်ငံရှိ အဖွဲ့စည်းများအနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်မှုလျှော့ချရန်၊ အချိုးမညီသောတုံပြန်မှုများကို ရှောင်ရှားရန်နှင့် သည်းခံချုပ်တည်းမှုများရှိရန် တိုက်တွန်းတောင်းဆိုကြောင်း အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ပရက်ဆိုခွန်းက ပြောသည်။ မြန်မာနိုင်ငံရှိအဖွဲ့စည်းများကြား နှောင့်နေးမှုမရှိဘဲ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကိုအမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်စေလိုကြောင်း ပရက်ဆိုခွန်းကပြောသည်။
Ref , Khemer Times
