၇. ၅. ၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ ပြည်ပတင်ပို့ဖို့အတွက် ဆီဘောက်ဆာနှစ်ကန်ထဲ သိုဝှက်သယ်ဆောင်လာတဲ့ ငွေကျပ် ဘီလျံ ၁၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးမှာ ရွာငံဘက်ကနေ ကျောက်ဆည်ဘက်ဆီ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာတဲ့ NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေချိန် ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် ၂ ဦးဟာ ယာဉ်ပေါ်က ခုန်ချထွက်ပြေးကြတာပါ။

ဒါကြောင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ မင်းမင်းခိုင် ဟာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိရရှိခဲ့သလို ၂ ဦးစလုံးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စိစစ်ချိန်မှာ ဆီဘောက်ဆာယာဉ်ရဲ့ ဆီထည့်တဲ့ အကန့် ၂ ကန့်အတွင်းက ဒေသကာလတန်ဖိုးငွေကျပ် ဘီလျံ ၁၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်)သိမ်းဆည်းရမိခဲ့တာပါ။

ဖမ်းမိတရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းကတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်တာ သိရှိရလို့ တရားခံနှစ်ယောက်ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *