၆. ၅. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူအရေအတွက်က ယခုသီတင်းပတ်အတွင်းတွင် ၃ သန်းကျော်သွားခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာနေရသူအရေအတွက်သည် ပြီးခဲ့သော ၆ လအတွင်း ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လက်နက်ကိုင် ပဋိက္ခများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်သူအရေအတွက် မြင့်တက်နေကြောင်း OCHA ကပြောသည်။ဘေးလွတ်ရာရွှေ့ပြောင်းနေရသူ ၃ သန်းအနက် လူပေါင်း ၂ ဒသမ ၇ သန်းကျော်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရသူ ၃ သန်းအနက် သုံးပုံတစ်ပုံက ကလေးငယ်များဖြစ်ပြီး ပဋိပက္ခများကြောင့် ကလေးငယ်များ၏ အနာဂတ်နှင့်ပညာရေး အဆုံးသတ်သွားဖွယ်ရှိနေသည်ဟု ခန့်မှန်းမှုများရှိနေသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ” ပဋိပက္ခမှာ မပါဝင်တဲ့ အရပ်သားတွေဟာ နိုင်ငံတစ်ဝန်းမှာ ဘေးလွတ်ရာကို ထွက်ပြေးကြရတာပါပဲ။ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာရသူ ၃ သန်းဟာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ် အတည်းကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခံရသူ ၃ သန်းဟာ စားဝတ်နေရေး ရုန်းကန်နေရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူ ၁၈ ဒသမ ၆သန်းကျော်ထဲတွင် ကလေးငယ် ၆ သန်းကျော်ပါဝင်နေသလို နေရပ်စွန့်ခွာနေထိုင်နေရသူ ၃ သန်းကျော်တွင်လည်း တစ်သန်းကျော် ပါဝင်နေကြောင်း သိရသည်။

နေရပ်စွန့်ခွာနေထိုင်ရသူ ၃ သန်းအနက် ၁ ဒသမ ၅ သန်းကျော်က မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်း၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှဖြစ်ပြီး ကယား၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်လည်း နေရပ်စွန့်ခွာနေရသူအရေအတွက် ၉ သိန်းကျော်ရှိနေသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာနေရသူအရေအတွက်က ၃၅၆၀၀၀ ကျော်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

REF UN

Leave a Reply

Your email address will not be published. Required fields are marked *

Related News