၄.၅.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့၊ ရွှေပြည်သာ၊ (၂၀) ရပ်ကွက်၊ ပေါ်တော်မူပတ်လမ်း၊ ဗုဒ္ဓတက္ကသိုလ်အနောက်ဘက်ရှိ ကျူးတဲတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှာ တညင်းကုန်းတွင် ပလုံကောက်ရင်း ကားတိုက်ခံရ၍ အစာအိမ်ပေါက်သွားပြီး ကားတိုက်သူက တာဝန်ယူမှုမရှိသောကြောင့် လက်ရှိအချိန်တွင် ဆေးကုသရန်အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကြာသေးမီလပိုင်းက အမျိုးသားဖြစ်သူနှင့်အတူ တညင်းကုန်းတွင် ပလုံကောက်ရင်း အမျိုးသမီးဖြစ်သူမှာ ကားတိုက်ခံရ၍ ထိုအမျိုးသမီးကိုတိုက်သည့် ကားမောင်းသူမှာ လျော်ကြေးမပေးနိုင်ဘဲ ထောင်အကျခံမည်ပြောသောကြောင့် ထိုအမျိုးသမီးကို ရပ်ကွက်နေပြည်သူများနှင့်အတူ ရာအိမ်မှူးတို့မှ စုပေါင်းငွေဖြင့် ဆေးရုံတင်ခဲ့ကြောင်း သိရသည်။

“ကားသမားကမိတယ်။ သူက မလျော်နိုင်ဘူး။ ဖမ်းချင်ဖမ်းလို့ရတယ်ပြောလို့ လွှတ်ပေးလိုက်တာ။ ဆေးရုံတက်ပြီး ငွေမတတ်နိုင်လို့ မနေ့ကမှဆင်းလာတာ။ အစာအိမ်ပေါက်တယ်လို့ပြောတယ်။ အတိုက်ခံရတာ တစ်ပတ်လောက်ရှိပြီ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးမှ MT News သို့ ဖြေကြားသည်။

ထိုကားတိုက်ခံရသည့် အမျိုးသမီးမှာ သားသမီး (၄) ယောက်ရှိကြောင်း၊ အမျိုးသားမှာလည်း ၎င်းနှင့်အတူ ပလုံကောက်သူဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဆေးဖိုးနှင့်စားဝတ်နေရေးမှာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ထိုမိသားစုကို မိဘပြည်သူများအနေဖြင့် လှူဒါန်းလိုပါက ဖုန်း ၀၉-၇၆၂၁၃၀၇၁၁ နှင့် ၀၉-၄၀၂၄၈၇၇၇၁ တို့အား ဆတ်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo – Zaw Lin Htet

Leave a Reply

Your email address will not be published. Required fields are marked *